ဧပြီ ၁၊၂၀၂၅။ဧရာ/People’s Spring
လူအများအပြားထိခိုက်သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်ပြီးနောက် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧရာဝတီတိုင်းအတွင်း ထိုးစစ်များရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲအတုဖန်တီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
အင်အားပြင်းငလျင်မလှုပ်ခင် ရက်အနည်းငယ်က ဧရာဝတီတိုင်းအတွင်း၌ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တို့မှ စစ်ကောင်စီတပ်စခန်းများကို AAနှင့် ပူးပေါင်းတပ်များက တိုက်ပွဲနေပြီး တိုက်ပွဲများပြင်းထန်ခဲ့သည်။ ငလျင်မလှုပ်မီ မတ်လ၂၆ရက်က ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာလမ်းဘေးရွာများ တိုက်ပွဲပြင်းထန်ခဲ့သည်။
မတ်လ၂၇ရက်ကလည်း တိုက်ပွဲအချို့ဆက်ဖြစ်ခဲ့ပြီး မတ်လ ၂၈ရက် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ပြီးနောက်ပိုင်း AAနှင့်ပူးပေါင်းတပ်များ တပ်ပြန်ဆုတ်သွားသလို တိုက်ပွဲများငြိမ်သက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
သို့သော် မတ်လ ၂၉ရက်နှင့် ၃၀ရက်တွင် စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာလမ်းဘေးတွင် တိုက်ပွဲအတုများဖန်တီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
” စစ်ကားသုံးစီးနဲ့ရောက်လာတယ်။ ကွန်မန်ဒိုဝတ်စုံတွေနဲ့။ ပြီးတော့ကားပေါ်ကနေခုန်ဆင်းလာပြီးတော့ လမ်းပေါ်ဝင်းလျားထိုးမှောက်ပြီး ပစ်ခတ်တယ်။ ကျနော်တို့မြင်နေရတယ်။ ဘာတွေလုပ်မှန်းလဲမသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ တိုက်ပွဲအတုဖန်တီးမှုကို နေရာသုံးခု၌လုပ်ဆောင်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။
မြေပြင်၌တိုက်ပွဲအတုဖန်တီးသလို ဂျက်ဖိုက်တာဖြင့်တိုက်ခိုက်မှုများ၊ စက်တပ်လေထီးဖြင့်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မတ်လ၃၁ရက် ညနေပိုင်းတွင် ရေကြည်မြို့နယ်၊ ကညင်ကိုင်း၊ လဲခုံလေးကျေးရွာအနီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းညတွင် လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြားရှိ ဝါးတောကွင်းကျေးရွာက်ိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနှစ်ဦးသေဆုံးပြီး အိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့သည်။
” မြေပြင်တိုက်ပွဲက မပြင်းထန်ပါဘူး။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက ပိုနေတာ။ ဝါတောကွင်းပျက်တာကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့်ပဲ”ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။ ယနေ့(ဧပြီ ၁ရက်) ညပိုင်းတွင်မူ တိုက်ပွဲဖြစ်ပွားသံမကြားရဘဲ ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် မတ်လ ၃၀ရက်မှ ဧပြီ ၁၂ ရက်အထိ ခုခံစစ်မှလွဲ၍ ထိုးစစ်ရပ်တန့်ထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။
AAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကလည်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ယနေ့(ဧပြီ ၁ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက် ကြည်သာစွာလုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံးထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အထူးလိုလားသည်ဟု ထုတ်ပြန်ထားသည်။
