ဧပြီ ၄၊၂၀၂၅။ သုည/People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ ထိုင်းလူငယ်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ယနေ့ (ဧပြီ ၄)ညပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
“Mik Luang Rim Nam and Fire Ram Thung” အဖွဲ့၏ ထိုင်းလူငယ်များက “နင့်ကို ငါတို့ မကြိုဆိုဘူး လူသတ်ကောင် မင်းအောင်လှိုင်” ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်အချို့ ကိုင်ဆောင်ပြီး သွေးစွန်းနေသည့် အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသည့် လူငယ်များကလည်း လက်သုံးချောင်းထောင်သည့် သင်္ကေတဖြင့် သရုပ်ဖော်ဆန္ဒပြခဲ့ကြသည်။
ဘန်ကောက်မြို့ ရှိ ကျောက်ဖရားမြစ်ပေါ်မှ တံတားတစ်စင်းတွင်လည်း မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို “လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” ဟု စာတန်းချိတ်ဆွဲထားသည်။

Public Service Announcement
နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြနေကြသည်။
မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၆,၀၀၀ ကျော် သတ်ဖြတ်ထားကြောင်း၊ အရပ်သား ၂၀,၀၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ကြောင်းနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲကျော်ရှိလာသည်ဟုဆိုကာ ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ရေးသားကန့်ကွက်နေကြသည်။
Milk Tea Alliance Thailandအပါအဝင် ထိုင်းနိုင်ငံရှိ လူမှုအသင်းအဖွဲ့များက ဆန္ဒပြကန့်ကွက်နေကြသည်။ Milk Tea Alliance Thailandသည် မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူလူထု အကျပ်အတည်းဖြစ်လာမှုနှင့် ဖမ်းဆီးသတ်ဖြတ်နေသည့်အကြောင်း ထိုင်းနိုင်ငံသားများသိရှိစေရန် ထိုင်းတက္ကသိုလ်မှ ကျောင်းသားလူငယ်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။
ယနေ့(ဧပြီ ၄ရက်) ညနေ ၄နာရီခွဲကလည်း BIMSTEC အစည်းအဝေးကျင်းပသည့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။
ထိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ပွန်သည် အာဏာရှင်လူသတ်သမား မင်းအောင်လှိုင်အား ကြိုဆိုမည်မဟုတ်ကြောင်း ဟိုတယ်အတွင်း အော်ဟစ်ဆန္ဒပြခဲ့သည်။
