ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေလာလေးကျေးရွာစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၁၁ရက်က ပခုက္ကူမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရေလာလေးကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား တော်လှန်ရေးအဖွဲ့များဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီးနောက် ယမန်နေ့(ဒီဇင်ဘာ ၁၃ရက်)တွင် စခန်းဝန်းကျင်ရှိ ရေလာကြီးရွာနှင့် ဝါးကျွန်းတွင်းကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“အိမ်ခြေအရေအတွက်ကတော့ အခြေအနေမတည်ငြိမ်သေးတော့ မသိရသေးဘူး။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ယနေ့(ဒီဇင်ဘာ၁၄ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၃၀ ခန့်ဖြင့် ထန်းတစ်ပင်ကျေးရွာ အနောက်မြောက်ဘက် နတ်အင်းချောင်းအနီးတစ်ဝိုက် ရောက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပခုက္ကူမြို့နယ်နှင့် မြိုင် မြို့နယ် တောင်ပိုင်း ထိစပ်ရာကျေးရွာများရှိ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။
ရေလာလေး စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၇ဦးဖမ်းမိကာ လက်နက်ခဲယမ်း များရရှိခဲ့သည်။ ထို့အတူ ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
