▪︎ နောင်ချိုရှိ တရုတ်လုပ်ငန်းစုပိုင်စက်ရုံကို ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်
ဟန်နွေ/People’s Spring
တရုတ်လုပ်ငန်းစုပိုင်ဖြစ်သည့် နောင်ချိုမြို့နယ်ရှိ ဆင်းရွှေလီအမှတ်(၁)သကြားစက်ရုံအား စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ စက်ရုံဝန်ထမ်းသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၉ရက် နေ့လည်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာရှိ တရုတ်လုပ်ငန်းစုပိုင် သကြားစက်ရုံအား လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ စက်ရုံဝင်းတွင် တစ်လုံး၊ စက်ရုံဘေးတွင် နှစ်လုံးကျရောက်ပေါက်ကွဲကာ စက်ရုံဝန်ထမ်းအမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့(ဒီဇင်ဘာ ၁၀ရက်) သတင်းထုတ်ပြန်သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ နေအိမ်နှင့် ကားအချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။

Public Service Announcement

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက်ကလည်း နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာရှိ အမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
အမှတ်(၃)ဆင်းရွှေလီသကြားစက်ရုံသည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် တည်ရှိသည်။ အဆိုပါ အင်းဝိုင်းကျေးရွာတွင် အမှတ်(၂)ဆင်းရွှေလီသကြားရုံလည်း ရှိသည်။ ထို့အပြင် ဆမ္မဆယ်ကျေးရွာတွင်လည်း အမှတ်(၁)ဆင်းရွှေလီသကြားစက်ရုံရှိသည်။
ယခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် စက်ရုံမှာ ဆမ္မဆယ်ကျေးရွာရှိ ဆင်းရွှေလီအမှတ်(၁) သကြားစက်ရုံဖြစ်သည်။
အဆိုပါ စက်ရုံနေရာများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း TNLAက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆင်းရွှေလီသကြားရုံလုပ်ငန်းသည် မန္တလေးမြို့အခြေစိုက်တရုတ်လုပ်ငန်းစုဖြစ်သော ငွေရည်ပုလဲကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်းဖြစ်သည်။
အဆိုပါ ငွေရည်ပုလဲကုမ္ပဏီအား သျှမ်းပြည်ရင်းနှီးမြုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ Shan State Frontline Investment Monitor က အမည်ပျက်စာရင်းကြေညာထားသည်။
ငွေရည်ပုလဲသည် မန္တလေးအခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ကြီးမားသော ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းများနှင့် ဘိလပ်မြေ၊ သကြားနှင့် ဓာတ်မြေသြဇာစက်ရုံများကို လည်ပတ်လုပ်ကိုင်နေပြီး ၎င်း၏ လုပ်ငန်းခွဲဖြစ်သော မန္တလေးဖြန့်ချီရေးနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ငွေရည်ပုလဲသည် ရှမ်းပြည်နယ်ရှိ သီပေါ၊ ရပ်စောက် (လောက်ေစော်)၊ နမ့်စန် ၊ ကျောက်မဲနှင့် ကျေးသီးမြို့နယ်များရှိ ကျောက်မီးသွေးတွင်းများကို လုပ်ကိုင်လျက်ရှိသည်။ ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ပြီးကတည်းက မြန်မာစစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နီးကပ်စွာ ဆက်ဆံမှုရှိခဲ့သည်ဟု SSFIM က ဖော်ပြထားသည်။

ထို့အပြင် ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးစိန်မျိုးအောင်သည် ယခင်က မကွေးနှင့် စစ်ကိုင်းတို့တွင် အဂတိလိုက်စားမှု ဖြင့်လူသိများသော လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်းတစ်ဦးဟုလည်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုကြရန် TNLAက သတိပေးထားသည်။
နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီက TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့နယ်တွင် ပြည်သူ ၁၆ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။ ထို့ပြင် နောင်ချိုရှိ နေအိမ် ၅၇ လုံး ပျက်စီးခဲ့သည်ဟု အသိပေးသည်။
