close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ

စစ်တပ်က မြို့အဝင်အထွက်လမ်းများကိုပိတ်ထား​သော်လည်း စစ်တပ်ကို KIA နှင့် မဟာမိတ်များက ဝိုင်း၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။

(ဗန်း​မော်မြို့သိမ်းတိုက်ပွဲစတင်​သည့် ဒီဇင်ဘာ ၄ ရက်တွင် ​​ရေလမ်း​ကြောင်းမှ တိမ်း​ရှောင်​နေကြ​သောပြည်သူများ ။ဓါတ်ပုံ-CJ )
(ဗန်း​မော်မြို့သိမ်းတိုက်ပွဲစတင်​သည့် ဒီဇင်ဘာ ၄ ရက်တွင် ​​ရေလမ်း​ကြောင်းမှ တိမ်း​ရှောင်​နေကြ​သောပြည်သူများ ။ဓါတ်ပုံ-CJ )

▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း

အိမ်သွင်/People’s Spring

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က ပြည်သူများထွက်ခွာမည့်လမ်းများကိုပိတ်ထား၍ပြည်သူများပိတ်မိ​နေ​သေးပြီး မြို့အတွင်းမှ ရ​အောင်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း​နေကြသည်။

“အနည်းငယ်လောက်ပဲကြိုပြီးရှောင်နိုင်လိုက်တယ်။အများစုက ပိတ်မိသွားတယ်။ စစ်တပ်က မြို့ထဲမှာပဲရှိပြီး အထွက်လမ်းတွေကို ပေးမဖြတ်ဘူး။” ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးကပြောသည်။

သို​သော်မိုးမောက်မြို့ဘက်မှ ဗန်းမော်မြို့အဝင် ၃မိုင်မှ စစ်ကောင်စီတပ်ရင်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒေသခံများကို ထွက်ခွင့်ပြုနေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲစတင်ဖြစ်​​သော ဒီဇင်ဘာ ၄ ရက်တွင် ​ဒေသခံပြည်သူအချို့မှာ ဧရာဝတီမြစ်အတွင်းမှ စက်​​လှေများ၊​လှေများဖြင့်တိမ်း​ရှောင်ခဲ့ကြသည်။

ဗန်​မော်မြို့အတွင်းကျန်ရှိ​နေ​သော ပြည်သူများတိုက်ပွဲပြင်းထန်လာသဖြင့် အခွင့်အ​ရေးရသည်နှင့် မြို့မှ တိမ်း​ရှောင်ကြရန် ပြည်သူအချင်းချင်း တိုက်တွန်းမှုများလည်း ပြုလုပ်​နေကြသည်။

ပိတ်မိနေသည့်မြို့ခံများ ဘေးလွတ်ရာသို့ရောက်ရှိရေးအတွက် လူမှုရေးအဖွဲ့များကဦးဆောင်၍ အလံဖြူထောင်ကာ ထွက်ခွာရန်ကြိုးစားသော်လည်း စစ်ကောင်စီတပ်က တားမြစ်ခဲ့သည်ဟု သတင်းရရှိသည်။

“စစ်ကောင်စီဘက်ကတော့ အရပ်သား ပြည်သူလူထုတွေကို အကာအကွယ်ယူတဲ့အနေနဲ့ မြို့တွင်းမြို့ပြင် အဝင်အထွက်ကို ပိတ်ထားတယ်လို့ ပြောတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ရှိတဲ့အရပ်သား ပြည်သူလူထုတွေက တိုက်ပွဲရှောင်ချင်ရင်တောင်မှ မြို့ပြင်ထွက်လို့မရတဲ့အနေအထားပေါ့။ ဒီကိစ္စဟာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အရပ်သား ပြည်သူလူထုကို တိုက်ပွဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ပဲမြင်ပါတယ်”ဟုကချင်စစ်​ရေး​လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆိုအရပ်သားပြည်သူများကို အသုံးချပြီး အကာအကွယ်ယူခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း၎င်းကပြောသည်။

“အကယ်၍ ဗန်းမော်မြို့ထဲကအရပ်သားပြည်သူလူထုတွေ စစ်ဘေးရှောင်ကုန်ကြပြီဆိုရင်တော့ စစ်ကောင်စီက မကြာခင်မှာပဲ ဗန်းမော်မြို့ကို လက်လွှတ်ဆုံးရှုံးနိုင်ခြေရှိပါတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။

စစ်တပ်က မြို့အဝင်အထွက်လမ်းများကိုပိတ်ထား​သော်လည်း စစ်တပ်ကို KIA နှင့် မဟာမိတ်များက ဝိုင်း၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။

ထိုအပြင်တိုက်ပွဲများအတွင်း စစ်​တပ်ကပစ်​သောလက်နက်ကြီးကျည်ကျ၍ ​ဒေသခံပြည်သူအချို့ ​သေဆုံးမှုများလည်းရှိ​နေသည်။

“လေကြောင်းကပစ်တာတွေရှိတယ်။လက်နက်ကြီးကျတာတွေရှိတယ်။ စျေးထဲမှာ သေဆုံးတာတွေရှိတယ်။ ခွန်သာဘက်မှာအဆိုးဆုံးဖြစ်တယ်”ဟု ဗန်းမော်မြို့ခံများနှင့် အဆက်အသွယ်ရရှိသူတစ်ဦးကပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ကပစ်ခတ်​သောလက်နက်ကြီးထိမှန်၍ ပြည်သူ ၇ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း​ပြောသည်။သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ မသိရှိရသေးပေ။

ဗန်းမော်မြို့တိုက်ပွဲအ​ခြေအ​နေမှာ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ဒီဇင်ဘာ ၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ်တတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်​ရေးအရင်းအမြစ်များက​ပြောသည်။

သို့​သော် စစ်​ကောင်စီတပ်သည် ဗန်းမော်မြို့ထဲရှိ ဘုန်းကြီးကျောင်းနှင့် အထက်မြင့်အဆောက်အအုံများတွင် နေရာယူထားပြီး ခံစစ်ပြင်နေသည်ဟု သိရသည်။ စစ်ကောင်စီက ရွှေကျောင်းကုန်းဘုန်းကြီးကျောင်းနှင့်ကန်ဦးကျောင်းတိုက်၊ နီနီစံကိုယ်ပိုင်အထက်တန်းကျောင်းနှင့်အထက်မြင့်အဆောက်အအုံများတွင် ဝင်ရောက်တပ်စွဲ​နေသည်ဟု စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)၊ ခလရ(၂၃၆)၊အမှတ်(၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်၊အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၃၁၄)အမြောက်တပ်၊အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်တို့ရှိသည်။ တပ်အများစုမှာတိုက်ခိုက်​ရေးတပ်ရင်းများမဟုတ်ကြ​ပေ။ ဗန်း​မော်မြို့၏ အအဓိကခံစစ်စခန်းဖြစ်​သော မိုး​မောက်မြို့နယ်ရှိ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်းကို KIA က ပြီးခဲ့သည့် သြဂုတ်လတွင်းသိမ်းပိုက်ခဲ့သည်။

KIA က ဗန်း​မော်မြို့ရှိတပ်များထဲမှ ငါးခုထည့်မနည်း သိမ်းယူထားနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။ လက်နက်ခဲယမ်းအများအပြားကိုလည်း KIA က ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ KIA က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

KIA က ပြီးခဲ့သည့် သြဂုတ်လ တွင် ဗန်း​မော်မြို့၏ အဓိက ခံစစ်စခန်းဖြစ်​သော မိုး​မောက်မြို့နယ်ရှိ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ-၄၃၇)ကိုသိမ်းပိုက်ခဲ့သည်။ ခမရ (၄၃၇)တပ်ရင်းသိမ်းပိုက်ခံရပြီး​နောက် ဗန်း​မော်မြို့ အ​ရှေ့ပိုင်းတွင် ခံစစ်မရှိ​တော့၍ မြို့အသိမ်းခံရမည်ကိုစိုးရိမ်​နေ​သော စစ်​ကောင်စီက ခမရ (၄၃၇)ပြန်သိမ်းနိုင်ရန် ဗန်း​မော်မှ စစ်​ကြောင်းများပို့၍ ဆက်တိုက် တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဗန်း​မော်မြို့မှ စစ်​ကြောင်းများ ခမရ (၄၃၇)ပြန်ရရန် ဗန်း​မော် နှင့် မိုး​မောက်မြို့ကြား ၇ မိုင် ၊ ၄ မိုင်တို့တွင် စစ်​ကြောင်းထိုးရင်း တိုက်ပွဲဖြစ်​နေစဥ် KIA နှင့် မဟာမိတ်ပူး​ပေါင်းတပ်များက ​နောက်တွင်ကျန်​နေ​သော ဗန်း​မော်မြို့ရှိ စစ်တပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက် မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ ၇ မိုင်မှ စစ်တပ်များ​လည်းနောက်ပြန်ဆုတ်လာ​ကြောင်းစုံစမ်းသိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဗန်းမော်မြို့ခံများ စစ်ရေးသတိပြုနေထိုင်ကြရန် KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း သတိပေးခဲ့ဖူးသည်။

ဗန်းမော်မြို့ကို စစ်ကောင်စီက ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဗန်းမော်- မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေရွာရှိ စစ်ကောင်စီတပ်များလည်း ဗန်းမော်မြို့ထဲသို့ ဆုတ်ခွာသွားပြီဟု ဒေသခံများ သတင်းပေးပို့ထားဟု ဦးဇော်ဆန်က ပြောသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၅ရက်)တိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲပြီး မိုးမောက်- ဗန်းမော်ကြားရှိ ၇ မိုင်ဒေသမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာလျက်ရှိသည်ဟုသိရသည်။

Facebook