ဇေအောင်/People’s Spring
ယမန်နေ့(ဒီဇင်ဘာ ၄ ရက်) နံနက် ၈နာရီဝန်းကျင်က ခင်ဦးမြို့ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က သံပြားများကာထားသည့် ကားတစ်စီးဖြင့် စျေးဝယ်ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များက စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ပစ်ခတ်စဥ် ဆေးရုံအတွင်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူခဲ့ရာ ရဲဘော် ၆ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
“ဆေးရုံထဲက စစ်တပ်က စျေးဝယ်ထွက်တာ။ ကိုယ့်ဘက်ကသတင်းရတာနဲ့ သွားပစ်တာ။ ပစ်တဲ့နေရာကို လက်နက်ကြီးနဲ့လှမ်းထောက်တော့ ကိုယ့်အဖွဲ့ကြားထဲကိုကျတာ။တစ်ဦးက ပွဲချင်းပြီး ဆုံးတယ်။”ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
ကျဆုံးရဲဘော်မှာ ရဲဘော်နွေဦးဟု သိရပြီး ၎င်း၏အဖွဲ့အစည်းကိုမူ မသိရသေးပေ။
ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုပေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။
စစ်ကောင်စီတပ်သည် ခင်ဦးမြို့ပေါ်၌ အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၃ရက် ညနေ ၄ နာရီခန့်ကလည်း အောင်မင်္ဂလာရပ်ကွက်ရှိ ကြာကန်ကျောင်းမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၉ရက်ကလည်း ခင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ခရီးထွက်လာစဥ် ပျူစောထီးအားကောင်းရာ မကျီးတုံကျေးရွာကို လမ်းမှားဝင်ခဲ့ရာမှ ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသေးသည်။
