ဆိုင်းမင်း၊ ရှိန်း /People’s Spring
စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကိုတက်ရောက်ဖို့ ပြင်ဦးလွင်မြို့ဆီ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ရောက်ရှိနေချိန် မန္တလေးမြို့ မှာ တစ်နေ့ကုန် နီးပါး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ ဒီဇင်ဘာလ ၄ ရက်ညပိုင်း၁၀ နာရီ က စတင်ပြီး မီးပြတ်သွားရာမှာ ဒီနေ့ ညပိုင်း ၇ နာရီခွဲအချိန် ထိ မီးမလာသေးဘူးလို့ မဟာအောင်မြေမြို့နယ် က အသက် ၅၀ အရွယ် အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
ဒီနေ့မှာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီ ရုံးနေရာတွေကလွဲပြီး ရပ်ကွက်တွေမှာတစ်နေကုန်နီးပါး မီးပြတ်နေတာလို့သိရပါတယ်။

Public Service Announcement
ပုံမှန်အားဖြင့် မန္တလေးမှာ လျှပ်စစ်မီး တစ်နေ့ကို ၆ နာရီထက်မနည်း ရရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အခုလို မန္တလေးမှာ မီးပြတ်တောက်တာဟာ ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင် ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပြင်ဦးလွင်မြို့မှာတော့ မီးမပျက်တာ ၂ ရက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ် ။
ပြင်ဦးလွင်မှာ စစ်တက္ကသိုလ် (DSA)ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၆ ရက်နဲ့ စစ်တပ် နည်းပညာတက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၁၂ ရက်မှာကျင်းပဖို့ ရှိနေတာလို့ စုံစမ်းသိရပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကျပ်ထားပြီး မြို့ဝင်ပေါက်နေရာတွေမှာ ရွေ့လျား X-Rayစက်တွေနဲ့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ကင်းပုန်းတွေထားပြီး စောင့်ကြည့်နေပြီး ၁၆မိုင်စစ်ဆေးရေးဂိတ်၊ ဇီးပင်ကြီး စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်နဲ့တကွတိုက်ဆိုင်စစ်ဆေးနေသလို ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ခရီးသွားတွေထံကနေသိရပါတယ်။
ပြင်ဦးလွင်မြို့တွင်းမှာလည်း လမ်းတိုင်းမှာ ရဲအင်အားအပြည့်လုံခြုံရေးချထားပြီး မြို့အဝင်အထွက်တွေလည်းစစ်ဆေးတာတွေရှိနေတယ်လို့သိရပါတယ်။
“မေမြို့တော့ လာမနေပါနဲ့ဟယ်။အလကားနေရင်း သူရှိတာနဲ့ငါတို့ပါရှော့တိုက်ဒုံးနဲ့ အပစ်ခံနေရမယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြို့ခံတဦးရဲ့ပြောကြားချက်အရ မနေ့က(ဒီဇင်ဘာ ၃ ရက်) နေ့လည်၂နာရီကျော်မှာ ပြင်ဦးလွင်မြို့ပေါ်ကနေ ကားအစီးရေ၆၀ကျော်လောက်ပါတဲ့ ယာဥ်တန်း အနီးစခန်းလေယာဥ်ကွင်းကိုသွားတာတွေ့ရပြီး အာဏာသိမ်းခေါင်းဆောင်ကိုကြိုဆိုတဲ့ယာဥ်တန်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က DSA ကျောင်းဆင်းပွဲကို ဒီဇင်ဘာ၁ရက်နေ့မှာပြုလုပ်မယ်လို့ သတင်းလွှင့်ခဲ့ပြီး၈ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အရင်နှစ် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲထက် ပြင်ဦးလွင်မြို့ကို လုံခြုံရေးတင်းကျပ်ထားပြီး စစ်သား ၊ ရဲ၊ ပျုစောထီး နဲ့ ယာဥ်ထိန်းအင်အား အများအပြား အသုံးပြုထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ပြင်ဦးလွင်ကနေ မန္တလေးမြို့ကိုလည်း လာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
