ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၁၄ ရက် ည ၉နာရီခွဲခန့်က ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများသည် ဆိုင်ကယ် နှစ်ယောက်စီးလာသော လူငယ်အမျိုးသားနှစ်ဦး အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုကြောင့် အသက်(၂၀)ကျော်အရွယ်ဖိုးပြည့်စုံ(ခ)ဗုဒေါ ဆိုသူနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ခင်ဦးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
“သူတို့(စကစ)က အမှောင်ထဲကင်းပုန်းဝပ်နေတာ။ ပြည်သူနှစ်ယောက်က ဆိုင်ကယ်ဖြတ်စီးသွားတာ။ ဆိုင်ကယ်ကလည်း ကျန်ခဲ့တယ်။ တစ်ယောက်ကတော့ပွဲချင်းပြီးပဲ။ တစ်ယောက် ကတော့ လွတ်တယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းအား နောက်တရက်နံနက်တွင် လူမှုကူညီရေးအသင်းကားဖြင့် သွားရောက်ယူပြီး သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့ခံအချို့က ပြောသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က အမျိုးသားများ ဆိုင်ကယ်နှစ်ယောက် မစီးရန် အဓမ္မအမိန့်ထုတ်ပြန်ထားပြီး လူငယ်များ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံနေရသည်။
