close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့သိမ်းတိုက်ပွဲ လေကြောင်းပစ်ကူနှင့် စစ်ကူပေးမှုများ ဖြတ်တောက်ရန်ခက်ခဲ၍ ပြန်ဆုတ်ခဲ့ရခြင်းဟု BNRA အသိပေး

စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

(ဖမ်းဆီးရမိသောသုံ့ပန်းများနှင့်လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-BNRA)
(ဖမ်းဆီးရမိသောသုံ့ပန်းများနှင့်လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-BNRA)

▪️တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းရ၊ တော်လှန်ရေးရဲဘော် ၉ဦး ကျဆုံး

ဇေအောင်/People’s Spring

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လေကြောင်းမှပစ်ကူပေးခြင်းနှင့် စစ်ကူပေးခြင်းအား ဖြတ်တောက်ရန်ခက်ခဲ၍ မြို့ပေါ်မှပြန်ဆုတ်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၂၅ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က ယနေ့ (နိုဝင်ဘာ ၁၇ရက်)တွင် အသိပေး ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခွဲခန့်ကစ၍ စတင်ခဲ့သည့် ပုလဲမြို့သိမ်းစစ်ဆင်ရေး၌ စတင်ပြီး ၄၈နာရီခန့် အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု BNRAက အသိပေးသည်။

လေကြောင်းပစ်ကူများကြားမှ အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေး ကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့အား တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု BNRAက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် စစ်ဆင်ရေး လေးရက်မြောက်သည့် နိုဝင်ဘာ၁၄ ရက် ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း BNRAက ထုတ်ပြန်သည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဘက်မှ သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိခဲ့ပြီးအများစုမှာ ထိခိုက်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေရကြောင်း BNRAက အသိပေးသည်။

စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(၂)လက်၊ ပစ္စတို MA5 (၁)လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း BNRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO) တို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး (CB Operation)နှင့်ချိတ်ဆက်ကာ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များပူးပေါင်းကူညီသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းအား အထူးကျေးဇူးတင်​ကြောင်း BNRAက ထုတ်ပြန်ခဲ့သည်။

ပုလဲမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်‌သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

သတင်း

စစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။

သတင်း

နောင်ချိုမြို့ရှိ တောင်းခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်ဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု ဆိုသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ရှိ စွယ်တော်ကုန်း အမြောက်တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်ပိုက်ရရှိခဲ့သည်။

Facebook