ဇေအောင်/People’s Spring
တိုက်ပွဲပြင်းထန်နေသော ပုလဲမြို့ပေါ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာ ၁၁ ရက်) နံနက် ၄နာရီခန့်ကစတင်ပြီး ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့အချို့က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်ရှိ နေရာများနှင့် မြကုန်း၊ ချောင်းကန်၊ သာယာကုန်းအစရှိသည့် ကျေးရွာများအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ခုနစ်ရွာခန့်မှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
“လက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားတာက မနက်၄ နာရီလောက်စကြားကတည်းက ပြေးရတာ။”ဟု ပုလဲမြို့ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ကလည်း နံနက် ၈နာရီမှ နေ့လယ် ၁၂ နာရီကျော်အထိ ဂျက်ဖိုက်တာများဖြင့် ပေါင် ၂၀၀၊ ၃၀၀၊ ၅၀၀ စသည့်ဗုံးသီးများ ၅ ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လူသားစာနာတာဝန်ခံက ပြောသည်။
“လေကြောင်းဗုံးထိလို့ရော၊ လက်နက်ကြီးထိလို့ရော ပြည်သူကတော့ ခုနစ်ဦးလောက်သေတယ်လို့ သိရတယ်။ သုံးဦးအနည်းဆုံး ဒဏ်ရာရထားတယ်။”ဟု ၎င်းက ပြောသည်။
ပုလဲမြို့ပေါ်တိုက်ပွဲကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အပါအဝင် တော်လှန်ရေးတပ်အချို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ သို့သော် တိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က လေကြောင်းမှ နောက်ဆုံးတစ်ကြိမ် လာရောက်ပစ်ခတ်ပြီးနောက် ညနေပိုင်းအထိ ပစ်ခတ်သံများ မကြားရတော့ကြောင်း ဒေသခံအချို့က ပြောသည်။
နိုဝင်ဘာ ၅ရက်က ပုလဲမြို့နယ် အိုင်းမကျေးရွာတွင် ဒေသခံများကထိန်ပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး သုံးဦးအပါအဝင် ဒေသခံလေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။
ပုလဲမြို့နယ်တွင် အထက်တန်းကျောင်းနှင့် ဆေးရုံ၊ အင်မထီးကျေးရွာတို့တွင် စစ်ကောင်စီအဓိက တပ်စွဲထားသည်။ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀၀ကျော်ရှိသည့်အနက် ၉၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ရက်ကလည်း ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။
