Miss Grand International (MGI) ပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုငြိမ်းအတွက် တတိယ (Second runner-up) နေရာ သတ်မှတ်ချက်ကို ရုပ်သိမ်းကြောင်း MGIက တရားဝင် ကြေညာလိုက်ပါတယ်။
MGIရဲ့ ကြေညာချက်မှာတော့ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တဲ့ သဲစုငြိမ်းရဲ့ မသင့်မတော် အပြုအမူတွေ၊ လုပ်ရပ်တွေကြောင့် အခုလို ဆုံးဖြတ် အရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။ အဲဒီ ကြေညာချက်ကို MGIရဲ့ တရားဝင် လူမှုကွန်ရက် မီဒီယာတွေမှာ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
MGIရဲ့ ဥက္ကဋ္ဌဖြစ်သူ နဝပ် အစ္စတာရက်ရီဆဲလ်ကလည်း သဲစုငြိမ်းဟာ သူရခဲ့တဲ့ တတိယ နေရာကို လက်မခံနိုင်ဘူးလို့ ကြေညာခဲ့ကြောင်း၊ ဒါကို အဖွဲ့အစည်းဖက်က တရားဝင် လက်ခံပေးခဲ့ကြောင်း၊ ဒီအတွက် MGIဟာ သဲစုငြိမ်းနဲ့ရော၊ Miss Grand Myanmar အဖွဲ့အစည်းနဲ့ပါ ဆက်ဆံရေး အဆုံးသတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီမိန်းကလေးက ဘာတွေ ထင်ယောင်ထင်မှား ဖြစ်နေလဲ မသိဘူး။ ပြိုင်သမျှ ပွဲတိုင်းကို ပထမဆုပဲ လိုချင်တယ် ဆိုရင်တော့ ကိုယ်တိုင် ပြိုင်ပွဲလုပ်ဖို့ပဲ အကြံပေးချင်တယ်။ ဒါမှလည်း ပွဲတိုင်းကို သူချည်းပဲ နိုင်နေမှာပေါ့”လို့ ဘန်ကောက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ နဝပ်က ပြောကြားသွားပါတယ်။

Public Service Announcement
ပြဿနာတွေက MGI အလှမယ် ရွေးပွဲမှာဆုကြေညာတဲ့အခါ မြန်မာအလှမယ် ကိုယ်စားပြုတဲ့ National Director (ND) ထူးအံ့လွင်က အသက် ၁၈ နှစ်အရွယ် သဲစုငြိမ်းရဲ့ တတိယဆုရ သရဖူနဲ့ စလွယ်ကို စင်မြင့်မှာတင် ဖယ်ရှားခဲ့ရာက စတင်ခဲ့ပါတယ်။ အဲဒီ ဆုပေးပွဲမှာ အိန္ဒိယ အလှမယ် ရေချယ်လ် ကူပတာက MGI အလှမယ်ဆုကို ဆွတ်ခူးရရှိသွားပါတယ်။
ထူးအံ့လွင်ရဲ့ လုပ်ရပ်အတွက် MGIက သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အရေးယူခဲ့သလို အားကစား စိတ်ဓာတ်နဲ့ လုပ်ငန်းဆိုင်ရာ အမူအကျင့်ကောင်းတွေ ကင်းမဲ့မှုတွေအတွက် ရာသက်ပန် ဆက်ဆံမှု ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကိစ္စက အဲဒီမှာတင် မပြီးသေးဘဲ ထူးအံ့လွင်က နဝပ်ရဲ့ အဖွဲ့အစည်းဟာ အလှမယ်ဘွဲ့ကို ဒေါ်လာ ၂၅၀၀၀ နဲ့ ရောင်းစားခဲ့တာလို့ စွပ်စွဲခဲ့ပြီး အဖွဲ့အစည်းဖက်ကလည်း အခြေအမြစ် မရှိတဲ့ ကိစ္စအဖြစ် ငြင်းချက် ထုတ်ခဲ့ပါတယ်။ ပြီးတော့ နဝပ်ဟာ ထိုင်းနိုင်ငံရဲ့ ဖျော်ဖြေရေး လုပ်ငန်းနယ်ပယ်မှာ ဆဋ္ဌမ အကြွယ်ဝဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်းလည်း တုံ့ပြန်ခဲ့ပါတယ်။
နောက်တော့ သဲစုငြိမ်းက Facebookပေါ်မှာ Liveလွှင့်ပြီး သူရရှိခဲ့တဲ့ တတိယနေရာ သတ်မှတ်ချက်ကို လက်မခံနိုင်ကြောင်း၊ သူဟာ ပထမဆု ရဖို့ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီး ဒီထက် အဆင့်ပိုကောင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် National Costume၊ Popular Voteနဲ့ Country of the Yearဆုတွေ ဘာကြောင့် သူမရခဲ့သလဲ ဆိုတာကိုလည်း သဲစုငြိမ်းက မေးခွန်းထုတ်ခဲ့ပါတယ်။
အခုတော့ နဝပ်က သဲစုငြိမ်းက တတိယနေရာကို လက်မခံနိုင်ကြောင်း ပြောဆိုမှုကို သူ့ရဲ့ အဖွဲ့အစည်းက သဘောတူတယ်လို့ ကြေညာပြီး တတိယဆု ကြေညာထားမှုကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ သူက သဲစုငြိမ်း တတိယနေရာ ရခဲ့တာ မထိုက်တန်ဘူးလား ဆိုတာကို မြန်မာ ဝန်ထမ်း တချို့ဆီက ပွင့်ပွင့်လင်းလင်း သဘောထား မေးမြန်းတဲ့အခါ အားလုံးက တကယ်သင့်တော်တဲ့ ရပ်တည်မှုလို့ ထောက်ခံခဲ့ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဒီပြဿနာမျိုး ကြုံခဲ့တဲ့တိုင် သူနဲ့ မြန်မာ အသိုက်အဝန်းကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး ဆက်ရှိနေမယ်လို့လည်း နဝပ်က ဆိုပါတယ်။
MGIဟာ မကြာသေးခင်က ကမ္ဘောဒီးယား ကိုယ်စားပြု အဖွဲ့အစည်းနဲ့ လက်တွဲဖြုတ်ခဲ့သလို အခုအခါ မြန်မာ အလှမယ် ကိုယ်စားပြု အဖွဲ့အစည်းနဲ့ပါ လမ်းခွဲခဲ့ပေမယ့် လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်လာမှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ တစ်ဖက်မှာလည်း အဲဒီ နိုင်ငံနှစ်ခုရဲ့ သီးခြား ကိုယ်စားပြု အဖွဲ့အစည်းတွေ ထွက်ပေါ်လာနိုင်ခြေကို စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်နေကြောင်း၊ နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ချင်သူတွေ၊ အဖွဲ့အစည်းတွေဆိုတာ အမြဲတမ်း တည်ရှိနေမှာဖြစ်ကြောင်း နဝပ်က ပြောပါတယ်။
“မင်းလိုလူမျိုးက တခြားသူတွေနဲ့ စိန်ခေါ်ယှဉ်ပြိုင်ရတဲ့ ဘယ်ပြိုင်ပွဲမျိုးမှာမှ မပါသင့်ဘူး။ မင်းဖာသာ စိတ်ကူးယဉ်ထားတဲ့ နေရာမျိုး၊ အတုအယောင် လောက တစ်ခုမှာပဲ သာယာနေပါ။ ဒါလောက်ပါပဲ”လို့ နဝပ်က သဲစုငြိမ်းကို ရည်ရွယ်ပြီး ပြောကြားသွားခဲ့ပါတယ်။
ကိုးကား- MGI, Khaosod
