–ညီသုတ (CDM ဗိုလ်ကြီး)
စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးမှာ စနစ်တကျလုပ်နိုင်တယ်၊ အသားစီးရတယ်လို့ပြောနိုင်သလား။
စိတ်ဓာတ်စစ်ဆင်ရေးဆိုတာထက် အတွေးအခေါ်ပိုင်းပေါ့။ ဆိုတော့ အတွေး အခေါ်ပိုင်းမှာဆိုရင် တကယ်တမ်းတော့ စစ်တပ်က ပြောင်းလဲဖို့ ကြိုးစားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုးစားနေတယ်။ ဒါပေမဲ့ လက်တွေ့မှာကတော့ မအောင်မြင်ခဲ့ဘူး။ ဥပမာဆိုလို့ရှိရင် အရပ်သားအစိုးကို မဲပေးခွင့်ရတဲ့ကာလတွေ ရှိတယ်။ အဲ့ဒီကာလတွေမှာဆိုလို့ရှိရင်လည်း ပြည်သူလူထုက ဘာကိုရွေးချယ်ရမလဲ၊ ဘယ်ဟာက နိုင်ငံရဲ့ပန်းတိုင်လဲ၊ ဘယ်မူဝါဒတွေက ကျွန်တော်တို့ ရွေးချယ်သင့်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်တယ်။ အခုဆိုလည်း ဒီလိုပါပဲ။ သူတို့အနေနဲ့ကတော့ ကြိုးစားနေကြတယ်။ အဓိကကတော့ အတွေးအခေါ်ကို ပြောင်းလဲဖို့အတွက် သူတို့ကြိုးစားတာတွေကတော့ ရှိပါတယ်။ တကယ့်တကယ်ကတော့ သူတို့တွေဘက်ကနေပြီးတော့မှ တော်လို့မဟုတ်ဘူး။ အဓိကတော့ ဘာလဲဆိုလို့ရှိရင် လူတွေရဲ့ အကျိုးစီးပွား။ ဒီဟာကို သူတို့က နားလည်တယ်။ ဥပမာ- ဘုန်းကြီးတွေဆိုပါစို့။ ဘုန်းကြီးတွေဆိုလို့ရှိရင်လည်း သူတို့ရဲ့ ဘာသာရေးအရ သူတို့ ရဲ့ပုံရိပ်ကျမှာ၊ သူတို့ရဲ့ လက်ရှိအနေအထားတွေ ယုတ်လျော့သွားမှာကို စိုးရိမ်တယ်။ ဒါဆိုလို့ရှိရင် သူတို့က ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်တယ်။ ဆောင်ရွက်လိုက်တဲ့အခါကျတော့ သူတို့မှာရှိတဲ့ နောက်လိုက်တွေရဲ့အားကို ရတယ်ပေါ့။ ဘုန်းကြီးတွေက စစ်တပ်အတွက် အလုပ်လုပ်ပေးရတဲ့သူ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ စစ်တပ်ကတော့ တောက်လျှောက် ဒီအတွေးအခေါ်ပိုင်းမှာ ပြောင်းလဲဖို့အတွက် သူတို့ကြိုးစားနေတာမှန်တယ်။ ဒါပေမဲ့ သူတို့မှာ ပင်ကိုယ်အရည်အသွေး၊ အရည်အချင်းတွေကြောင့် မဟုတ်ဘူး။ အခုက ဘာဖြစ်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံသားအချင်းချင်းမှာမှ ကိုယ့်ရဲ့အကျိုးစီးပွား၊ ကိုယ့်ရဲ့ထင်ပေါ်လိုမှု ဒီဟာတွေကို အတောမသတ်နိုင်တဲ့သူတွေကို အသုံးချပြီးတော့ သူတို့က သူတို့ရဲ့ဒီလုပ်ရပ်တွေကို ပိုပြီးတော့ မြှင့်တင်နိုင်နေတာ ဖြစ်ပါတယ် အခုခြေနေကတော့လေ။ တကယ်တမ်းတော့ ဘက်နှစ်ဖက်ပဲ ရှိတာ။ စစ်တပ်ဆိုလည်း စစ်တပ်ရဲ့ ဘက်ရှိတယ်၊ တော်လှန်ရေးဆိုလဲ တော်လှန်ရေးဘက်ရှိတယ်။ အဲ့တော့ နှစ်ဖက်လုံးကတော့ စစ်တိုက်နေကြတာပဲ။ စစ်တိုက်နေကြတယ်၊ အားပြိုင်နေကြတယ်။ ဆိုတော့ အားပြိုင်တဲ့အခါမှာ စစ်ရေးအရလည်း အားပြိုင်မှုရှိတယ်၊ နိုင်ငံရေးအရလည်း အားပြိုင်မှုရှိတယ်။ နောက်တခါ ပြည်သူလူထုရဲ့ Ideology (အတွေးအခေါ်ပိုင်း) ကိုလည်း သူတို့က စစ်ခင်းတာပဲ။ အဲ့တော့ သူတို့အနေနဲ့ လူထုရဲ့ Ideology ကို စစ်ခင်းလို့ ရနိုင်မလားဆိုတာ အမြဲတမ်းစဉ်းစားတယ်။ သူတို့က လူတွေ၊ ပုံမှန်ပြည်သူတွေထက် သူတို့က အတွေးအခေါ်မြင့်တယ်ဆိုတဲ့ဟာမျိုး သူတို့မှာရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့ရဲ့ Ideology ကမှန်တယ်။ သူတို့က လမ်းမှန်ကို သွားနေတာဆိုတဲ့ဟာမျိုး မြင်စေချင်တဲ့ illusion တစ်ခု သူတို့မှာရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီဟာကိုပံ့ပိုးနိုင်မယ့် ကိစ္စမှန်သမျှ သူတို့ အကုန်လုပ်သွားတာပဲ။ ဒါကြောင့်မို့လို့ ဒါကို ကျွန်တော်တို့ ရိုးရိုးလေးပဲမြင်ရင် သူတို့ဟာ ဆိုက်ဝါးပေါ့။ သတင်းအချက်လက်အရ စစ်ခင်းနေတာပါပဲ။ နိုင်ငံရေးအရလည်း တောက်လျှောက် သူတို့အနေနဲ့ သူတို့လုပ်တယ်။ ခုနကပြောသလိုပဲ ဝါဒရေးရာအရလည်း သူတို့ တောက်လျှောက် စစ်တိုက်မှာပဲ။ အဲ့တော့ ဘယ်သူတွေက ဘယ်သူ့ဘက်မှာဝင်ပြီးတော့ တိုက်ကူမှာလဲဆိုတဲ့ အဖြေ။ ဒီဟာ ကွာသွားတာပေါ့။ အဲ့တော့ ဒီစစ်တပ်ရဲ့ ယန္တရားအောက်မှာ နေတယ်ဆိုလို့ရှိရင် စစ်တပ်ဘက်ကနေပြီးတော့ တိုက်ကူရတဲ့ပုံစံဗျာ။ တစ်နည်းအားဖြင့်ပြောရရင် သူတို့ကို စစ်ထဲသာ မသွင်းလိုက်တာ တပ်သားအနေနဲ့ပဲ အသုံးချသွားတာ။ သူတို့အနေနဲ့ကတော့ ဖြစ်နိုင်လို့ရှိရင် နိုင်ငံတော်ရဲ့ သမ္မတဖြစ်ချင်တဲ့သူနဲ့ နိုင်ငံတော်ရဲ့ အစိုးရဖြစ်ချင်တဲ့သူ ဖြစ်တဲ့အခါကျတော့ နိုင်ငံသားတွေအကုန်လုံးက သူတို့ကိုထောက်ခံတာကို လိုချင်တဲ့ ရောဂါမျိုး သူတို့မှာရှိတယ်။ အဲ့တော့ သူတို့ဟာ သူတို့ကို မထောက်ခံတဲ့လူတွေ ထောက်ခံလာအောင် တောက်လျှောက်ကြိုးစားဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ဝါဒဖြန့်ချိမှုက ပြည်သူတွေရဲ့ အတွေးအခေါ် ခံယူချက်ကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်မှာလဲ။

Public Service Announcement
ကျွန်တော်တို့ လူတစ်ယောက်ရဲ့ အသိဉာဏ်မှာပေါ့။ အထူးသဖြင့်တော့ ဒီ Childhood က အရမ်း အရေးပါတယ်ခင်ဗျ။ ကျွန်တော်တို့က ငယ်တဲ့အချိန်မှာ ရလိုက်တဲ့ အချက်လက်ဟာ အဲ့ချိန်မှာ အရမ်းလွှမ်းမိုးသွားတယ်။ အရမ်းကို လွှမ်းသွားတယ်။ ဆိုတော့ အဲ့ချိန်မှာ ခုနကပေါ့နော် ဥပမာ တော်လှန်ရေးဟာ မကောင်းဘူး ဆိုတဲ့ စကားလုံးတစ်လုံးကို သူတို့ကြားလာရင် သူတို့က အဲ့ဒီစကားလုံးကပဲ သူတို့ရဲ့ ဒီအရွယ်ရောက်တဲ့အချိန်မှာ လွှမ်းမိုးမှု အများကြီးရှိတယ်။ အများကြီး ရုန်းထွက်ဖို့ ခက်သွားတယ်ဗျာ။ ၂၀၂၁ ဖြစ်စဉ်မှာ ဆိုလို့ရှိရင် အသက်ကြီးပိုင်းနဲ့ အရွယ်ရောက်ပြီးသား သူတွေဟာ အမြဲတမ်း စစ်တပ်နဲ့ပတ်သက်ပြီး အမြဲတမ်းသတိထားတယ်။ ပြီးရင် ကျွန်တော်တို့ အရွယ်ရောက်နေတဲ့ လူတွေဆိုလို့ရှိရင်လည်း အမြဲတမ်းသတိထားတယ်ပေါ့နော်။ ဒါကြောင့်မို့လို့လဲ ဒီ၂၀၂၁ ဖြစ်စဉ်မှာဆိုလို့ရှိရင် ပြည်သူလူထုမှာရှိတဲ့ ဒီလူငယ်တွေက အကုန်လုံး တခဲနက်ပေါ့။ နောက်ဆုံးဗျာ ဒီတပ်ထဲမှာရှိနေတဲ့ လူငယ်တွေကအစ အကုန်လုံး သူတို့သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အရွယ်ရောက်နေတဲ့အချိန်မှာ ရခဲ့တဲ့ သတင်းအချက်လက်တွေကြောင့် ဖြစ်တယ်။ ဆိုတော့ အခုချိန်မှာလေ ဒီ၁၇၊ ၁၈အရွယ်တွေဟာ သူတို့ သိကောင်းသိလိမ့်မယ်။ ဒါပေမဲ့ အရမ်းငယ်တဲ့ ကလေးတွေကျတော့ ထားပါတော့။ ၂၀၂၁မှာတုန်းက သူတို့အရွယ်က ၄-၅ နှစ်ပဲ ရှိသေးတယ်ဆိုရင် အဲ့ဖြစ်စဉ်ကို သူတို့ ကောင်းကောင်းမသိဘူး။ အရွယ်ရောက်ပြီးတဲ့သူတွေအပေါ်မှာကတော့ ကျွန်တော့်အနေနဲ့ကတော့လေ အများကြီးပြောင်းလဲနိုင်မယ်လို့ မထင်ဘူး။ သူတို့သိတယ်။ ဘယ်ဟာက မှန်တာလဲ၊ ဘယ်ဟာက မှားတာလဲ၊ ဘယ်လမ်းက ရွေးချယ်သင့်တာလဲ ဆိုတာကို သူတို့ ကောင်းကောင်းနားလည်တယ်။ ဒါကြောင့်မို့လို့လည်း ၂၀၂၁ မှာ ကျွန်တော်တို့ အုံလိုက်ကျင်းလိုက်နဲ့ ပြည်သူလူထုရဲ့ ခိုင်မာမှု ဉာဏ်ရည်မြင့်မားမှု၊ နောက် လွတ်လပ်မှုကို မြတ်နိုးမှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ကြတာပေါ့နော်။ သို့သော် ကျွန်တော်တို့ အမြဲတမ်းသတိပြုရမှာကတော့ ဒီကလေးတွေပါ။ ကလေးငယ်တွေဟာ အယူဝါဒရေးရာအရ လွှမ်းမိုးမှုကို သူတို့ ပြန်ပြီးလွန်ဆန်ဖို့ အရမ်းခက်ပါတယ်။ အခုဆို သတိထားမိလားမသိဘူး။ သူတို့ ဒီစာသင်ခန်းတွေကိုလေ စစ်ဝတ်စုံနဲ့ သူတို့ဝင်တယ်။ ပြီးရင် ကလေးတွေနဲ့ ရင်းနှီးအောင်လုပ်တဲ့ဟာတွေ ဒါတွေက အရမ်းအရမ်း အရေးကြီးတယ်ပေါ့နော်။
စစ်တပ်စိုးရိမ်တာ၊ ကြောက်တာ ပြည်သူတွေဆီက ဘယ်လိုတုန့်ပြန်မှုမျိုးတွေဖြစ်မလဲ။
သူတို့မှာ တစ်ဆင့်မြင့်ချင်တဲ့ စိတ်ရောဂါအခံရှိတယ်။ ဆိုတော့ အဲ့ဒီဟာကပဲ သူတို့ကို ထောက်ခံမှု ရချင်တာပေါ့။ ပြီးလို့ရှိရင် သူတို့ကို ရိုကျိုးတာတွေ၊ ဦးညွတ်တာတွေ အဲ့တာမျိုးတွေ သူတို့ အဲ့လိုမျိုး အလွန်သဘောကျတယ်။ အဲ့တော့ ခုနကပြောတဲ့ Silence ပေါ့။ Silence ဖြစ်တဲ့ဟာက တကယ်ကို Power ဖြစ်တယ်ဗျ။ ဆိုတော့ အဲ့တာကို သူတို့ တော်တော်လေးကြောက်တယ်ဗျ။ သူတို့မှာက ခုနက Insecure ပေါ့နော်။ စိတ်မလုံခြုံမှုက အမြဲတမ်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တသက်လုံး သူတို့က လွတ်လပ်ခဲ့ကြတဲ့သူတွေ မဟုတ်ဘူး။ လွတ်လပ်မှုရဲ့တန်ဖိုး၊ နောက်တခါ ဉာဏ်ပညာပေါ့နော် ဉာဏ်ပညာရဲ့တန်ဖိုး၊ နောက် ချစ်ခြင်းမေတ္တာရဲ့တန်ဖိုး ဒါတွေအပေါ်မှာ သူတို့က ကြီးပြင်းခဲ့ရတာမဟုတ်ဘူး။ သူတို့ကိုယ်သူတို့လည်း အဲ့လိုမျိုး နေလို့မရဘူးပေါ့။ ငါတို့က ချစ်ခြင်းမေတ္တာ လူတွေပေါ်မှာ ထားလို့မရဘူး။ ထားလိုက်ရင် ငါတို့က ပျော့ညံ့တဲ့သူဖြစ်သွားမှာ ဆိုတဲ့ အဲ့လိုမျိုး ရပ်ဝန်းနဲ့ သူတို့ကိုယ်သူတို့ တည်ဆောက်ထားတာ။ အဲ့တော့ သူတို့အတွက် ဘာလဲဆိုလို့ရှိရင် ခုနက ဆိတ်ငြိမ်မှုပဲ။ Ignore ပေါ့။ ကျွန်တော်တို့ လျစ်လျူရှုမှုပေါ့။ လျစ်လျူရှုမှုက အရမ်းကို အရေးကြီးပါတယ်။ အရမ်းကို Powerful ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ကတော့လေ ပြည်သူလူထုအနေနဲ့ဆိုလို့ရှိရင်လည်း Ignore လုပ်နိုင်သမျှလုပ်ပါ။ သူတို့ရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာ နေတဲ့အခါမှာ တခါတလေမှာ ရဲရဲတင်းတင်း ဆန့်ကျင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်ဗျာ။ သူတို့ကို ဆန့်ကျင်ပြီး ပြောဆိုဖို့ဆိုတာ လွတ်လပ်တဲ့နေရာမှာ ရှိနေမှရမှာ။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်း သတိပြုပါတယ်။ ကျွန်တော်တို့ပြောနိုင်တယ်။ ဘာကြောင့်လဲ ကျွန်တော်တို့က သူတို့ရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာ မရှိတဲ့အတွက်။ သို့သော် သူတို့ကိုထပ်ပြီးတော့ လုပ်လို့ရနိုင်တဲ့ အရာကတော့ ကျွန်တော်တို့ Ignore ပါပဲနော်။ ပြည်တွင်းထဲနေတဲ့ ပြည်သူလူထုဆိုရင် ငါတို့ဘာဆက်လုပ်ရမှာလဲ၊ ငါတို့မှာ အင်အားရောရှိရဲ့လား၊ ငါတို့ရဲ့ powerful ဖြစ်တဲ့အရာတွေက ဘာလဲ ဆိုတာကို တခါတလေကျရင် မေ့လျော့သွားတာရှိတယ်၊ ဝေဝါးသွားတာရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က လက်နက်နဲ့တိုက်နေတဲ့လူလည်း မဟုတ်ဘူး။ ပြီးရင် ကျွန်တော်တို့လိုမျိုးပေါ့နော် လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုပြီးတော့ တိုက်နိုင်တဲ့ အခြေနေမျိုး မရှိတော့တဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲ့လိုမျိုးပေါ့ ပြည်တွင်းမှာ နေရတဲ့သူတွေအတွက်ကို ကိုယ့်ရဲ့စွမ်းအင်၊ ကိုယ့်ရဲ့စွမ်းအား ဒီလျစ်လျူရှုမှုဟာ ဒီအာဏာရှင်ကို တိုက်နိုင်တဲ့ ထိထိရောက်ရောက်ဖြစ်တဲ့ လက်နက်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စွမ်းအင်ရှိတဲ့ စွမ်းအားတစ်ခုဖြစ်တယ်။ ဒါကြောင်မို့လို့ အဲ့တာကို ကောင်းကောင်းမွန်မွန် အသုံးချပါလို့ ကျွန်တော့်အနေနဲ့တော့ ပြောချင်ပါတယ်ခင်ဗျ။
တော်လှန်ရေးဘက်တော်သားတွေကို ဘယ်လိုအကြံပေးချင်သလဲ၊ ဘာတွတွေလုပ်စေချင်သလဲ။
အဓိကကတော့လေ တော်လှန်ရေးထဲကို ရောက်လာတယ်ဆိုတဲ့ သူတွေကလေ ကျွန်တော်ယုံကြည်တာကတော့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူတွေပါ။ ဒါက အဓိကပဲ။ နောက် ဉာဏ်ပညာရယ်၊ ချစ်ခြင်းတရားရယ်၊ နောက် ကိုယ့်ကြောင့်မို့လို့ပေါ့နော် နစ်နာဆုံးရှုံးမှုမရှိချင်တဲ့ဟာ အဓိကပဲလို့ ကျွန်တော်မြင်တယ်ပေါ့။ ကျွန်တော်တို့ရဲ့ တန်ဖိုးကလည်း ဒါပဲ။ အသိဉာဏ်လွတ်လပ်မှုက ကျွန်တော်တို့ရဲ့ အဓိကအချက်ပဲ။ ကျွန်တော်တို့ တန်ဖိုးတွေ။ ဆိုတော့ ဒါကိုကျွန်တော်တို့က ဆက်ပြီးတော့မှ ကျွန်တော်တို့ရဲ့ ဒီလွတ်လပ်မှုဟာ ဘယ်လောက်ထိ တန်ဖိုးရှိသလဲဆိုတာကို ကျွန်တော်တို့ ဆက်ပြီးတော့ ပြခြင်းဟာ စည်းရုံးရေးတမျိုးပဲ။ ကျွန်တော်တို့ ချစ်ခြင်းမေတ္တာတွေ၊ နောက် ခုနက လူငယ်မျိုးဆက်တွေအပေါ်မှာ အကြောက်တရားကင်းကင်းနဲ့ နေချင်တဲ့အရာတွေ ဒါတွေကို ကျွန်တော်တို့ ဒီရပ်ဝန်းလေးပေါ့။ အဲ့ရပ်ဝန်းလေးကို ကျွန်တော်တို့ ဖန်တီးချင်တယ်။ ဒီထက်ပိုကြီးတဲ့ အဲ့ဒီနိုင်ငံကို ဖန်တီးချင်တယ်။ အဲ့ဒီနိုင်ငံလေး ဖြစ်စေချင်တယ်။ ဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ စွမ်းအားတစ်ခုလည်း ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စွမ်းအားလည်းဖြစ်လို့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေလည်း ဖြစ်တယ်။ ဆိုတော့ ဒီတန်ဖိုးတွေကို ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း။ အချင်းချင်းမှာလည်း သူတို့ အခု တော်လှန်ရေးဘက်လူတွေကလည်း ဒါ နဂိုအခြေခံရှိပြီးသား။ ဒါကိုပဲ ကျွန်တော်ကတော့ ပိုပြီးတော့ ဖြည့်ဖြည့်ဆည်းဆည်းလုပ်ဖို့အတွက် အကြံပေးချင်တယ်။ ဒါကသာလျှင်ပဲ ကျွန်တော်တို့ရဲ့ အဓိက လုပ်ရမဲ့အရာ။ ဆိုတဲ့အခါကျတော့ တစ်နည်းအားဖြင့် ပြောလို့ရှိရင်ဗျာ ကျွန်တော်တို့ကိုယ်တိုင်မှာ ဆိုလို့ရှိရင်လည်း အရင်ကာလတွေမှာ အသိဉာဏ်ပိုင်းဆိုင်ရာမှာ အများကြီး ရုန်းကန်ခဲ့ရတာတွေ ရှိတယ်။ နောက် တချို့အရာတွေမှာ အကြောက်တရားနဲ့ နေခဲ့ရတဲ့အရာတွေ ရှိတယ်။ ဆိုတော့ အဲ့တာတွေဟာ ဘယ်လောက်ထိ တော်တော်လေး နေရထိုင်ရခက်တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ အခုချိန်နဲ့ပြန်ယှဉ်ရင် အများကြီး ကွာသွားပြီ။ ဒါပေမဲ့ ပြဿနာဘာလဲဆိုတော့ လူတွေဟာ တစ်ခုခုကို မရဖူးသေးတဲ့အချိန်မှာ သူက အဲ့ဒီတန်ဖိုးကို နားမလည်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့ အဲ့ဒီအသိဉာဏ်လွတ်လပ်မှုရဲ့ တန်ဖိုး၊ နောက်တစ်ခါ ချစ်ခြင်းမေတ္တာရှိနေတဲ့ ရပ်ဝန်း၊ အကြောက်တရားကင်းတဲ့ရပ်ဝန်း၊ ဒီရဲ့အငွေ့အသက်တွေ ဒါတွေကို သူတို့ မခံစားဖူးနိုင်သေးတာမျိုး ဖြစ်တာပေါ့။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်စေချင်တယ်။ ကျွန်တော်တို့ လူသားတစ်ယောက်ရယ်လို့ ဖြစ်လာလို့ရှိရင်တော့ အကြောက်တရားကင်းကင်းနဲ့ နေ့ရက်တွေ၊ ရပ်ဝန်းတွေမှာ နေစေချင်တယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ယုံကြည်ရာကို ပြောနိုင်ဆိုနိုင်တဲ့ ရပ်ဝန်းလေးတစ်ခုပေါ့နော်။ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး၊ ဘယ်သူ့ကိုမှ အရိုအသေပေးနေစရာ မလိုဘူး။ အဲ့ဒီနေ့ရက်လေးကို ကျွန်တော်အကုန်လုံးကို ရစေချင်တယ်။ ကျွန်တော်တို့ နိုင်ငံသားတွေ အကုန်လုံးကို ရစေချင်တယ်။ အဲ့လိုရနိုင်ဖို့အတွက်ကလည်း ကိုယ်ကိုယ်တိုင်ကိုက ဒါကို လိုချင်မှဖြစ်မှာလေနော်။ ဆိုတော့ကိုယ်ကိုယ်တိုင်က ဒါကိုလိုချင်မှ ဖြစ်မှာဖြစ်ပါတယ်။ အဲ့တော့ ဘာကြောင့်မလိုချင်သေးတာလဲ။ ဒါမှမဟုတ် ဒါကို တကယ်ပဲ လေးလေးနက်နက်နဲ့ မသိသေးတာလား။ အဲ့ဒါတွေ သိလာတဲ့ တစ်နေ့မှာဆိုရင် ကျန်တဲ့အရာတွေက တန်ဖိုးမရှိတော့ဘူး။ ဖလှယ်စရာမဟုတ်တော့ဘူး။ အောင်မြင်မှုပဲဖြစ်ဖြစ်၊ ခုနကပြောသလို ငွေရေးကြေးရေးပဲဖြစ်ဖြစ်၊ နောက်ခုနက VIP ဖြစ်ချင်တဲ့စိတ်တွေပဲဖြစ်ဖြစ် အကုန်လုံး အဲ့တာတွေက တန်ဖိုး တဆင့်နိမ့်သွားတယ်။ ဆိုတော့ ကျွန်တော်လိုနေတာ ကျွန်တော်မြင်တာကတော့ အသိဉာဏ်တော်လှန်ရေးပေါ့နော်။ ဒါသည် ကျွန်တော်တို့ အသိဉာဏ်တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ တော်လှန်ရေးဘက်ကသူတွေကလည်း ဘယ်အသိဉာဏ်တွေဟာ ပိုပြီးတော့ တန်ဖိုးမြင့်တာလဲ၊ ပိုပြီးတော့ ကျွန်တော်တို့ရဲ့ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ပြည့်ပြည့်ဝဝဖြစ်အောင် လုပ်ပေးနိုင်တာလဲ ဆိုတာကို ကျွန်တော်တို့ဘက်နေပြီးတော့ ဆက်ပြီးတော့ မျှဝေသွားဖို့က ဒါကျွန်တော်တို့ရဲ့ တာဝန်ပဲလို့ နားလည်ပါတယ်ခင်ဗျ။
People’s Goalနဲ့ People’s Spring တို့ပူးပေါင်းစီစဥ် တင်ဆက်ထားတဲ့ “ စစ်အုပ်စု ဝါဒဖြန့်ချိရေးကို ဘယ်လိုတုံ့ပြန်ကြမလဲ “ ခေါင်းစဥ်နဲ့ပြုလုပ်တဲ့ စကားဝိုင်းမှာ CDM ဗိုလ်ကြီး ညီသုတ ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေထဲက အချို့ကိုကောက်နှုတ်တင်ပြတာဖြစ်ပါတယ်။ ဆွေးနွေးချက်အပြည့်အစုံကို အောက်ပါ Comment Box က လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။

















































