close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ရက်ပိုင်းအတွင်း ဒုတိယမုန်တိုင်း တိုက်ခတ်၊ ၃ ဦးသေ၊ ၄ သိန်းလောက် ရွှေ့ပြောင်းရ

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။

အခု သီတင်းပတ် အစောပိုင်းက ဖိလစ်ပိုင် မြောက်ပိုင်းရဲ့ လူနေကျဲပါးရာ ကျွန်းတွေကို ဖြတ်သန်းသွားတဲ့ စူပါတိုင်ဖွန်း မုန်တိုင်းကြီး ရာဂါဆာရဲ့ အကြွင်းအကျန် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေ မပြီးဆုံးသေးခင်မှာတင် အပူပိုင်းမုန်တိုင်း ဘူအာလွိုင်က ဖိလစ်ပိုင်ရဲ့ အဓိက ကျွန်းကြီးဖြစ်တဲ့ လူဇုန်ကို အရှေ့တောင်ဖက်ကနေ အနောက်မြောက်ဖက်ဆီ ကန့်လန့်ဖြတ် ဖြတ်သန်းသွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ မုန်တိုင်း ဖြတ်သန်းသွားတဲ့နောက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့သလို လူဇုန်ကျွန်းရဲ့ ဘီကိုလ် ဒေသမှာ အုတ်နံရံ ပြိုကျလို့ လူ ၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အားအပြင်းဆုံး အချိန်မှာ တစ်နာရီ လေတိုက်နှုန်း ၁၁၀ ကီလိုမီတာထိ ရောက်ရှိခဲ့တဲ့ ဘူအာလွိုင် မုန်တိုင်းကြောင့် လူဇုန်ကျွန်းအနှံ့မှာ မြေပြိုတာ၊ ရေကြီးတာ၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်း ဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက်မှာ လူပေါင်း ၄ သိန်းလောက်ကို ကြိုတင် ရွှေ့ပြောင်းပေးထားတဲ့တိုင် တချို့နေရာတွေမှာ အိမ်တွေ ရေမြုပ်ကုန်လို့ ဒေသခံတွေက အမိုးပေါ်ထိ တက်ပြီး ရေဘေးရှောင်နေရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘီကိုလ်ဒေသမှာတော့ မုန်တိုင်း ကျော်လွန်သွားတဲ့နောက် လမ်းတွေပေါ် ကန့်လန့်ဖြတ် လဲကျနေတဲ့ သစ်ပင်တွေကို ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ စေတနာ့ ဝန်ထမ်းတွေက ပူးပေါင်းပြီး စတင် ရှင်းလင်းနေပါတယ်။ မုန်တိုင်းနှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြတ်သန်းခဲ့ခြင်းကလည်း ဖိလစ်ပိုင်ရဲ့ ရာသီဥတု ကြမ်းတမ်းနေမှုတွေကို ပိုပြီး အချိန်ကာလ ရှည်ကြာစေခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုင်ဖွန်းရာသီတွေရောက်တိုင်း ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း ၂၀ လောက်နဲ့ ကြုံနေကျ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပူနွေး ဖောက်ပြန်လာခြင်းနဲ့အတူ မုန်တိုင်းတွေရဲ့ ဖျက်ဆီးအားက ပိုမို ကြမ်းတမ်း ပြင်းထန်လာနေတယ်လို့လည်း သိပ္ပံ ပညာရှင်တွေက သတိပေးထားပါတယ်။

အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာသမျှ အားအကောင်းဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ခံရတဲ့ ရာဂါဆာကြောင့် လူတွေ ထောင်နဲ့ချီ ယာယီ ရွှေ့ပြောင်းခဲ့ပြီး နေရပ် မပြန်ရသေးခင်မှာတင် နောက်ထပ် မုန်တိုင်းတစ်ခုက ဖိလစ်ပိုင်ကို ဖြတ်သန်းခဲ့တာပါ။

ဖိလစ်ပိုင်မှာ ရေဘေး ထိန်းချုပ်ရေး ပရောဂျက်အတွက် ဒေါ်လာ ဘီလီယံတွေနဲ့ချီ များပြားတဲ့ ရန်ပုံငွေတွေကို လွှတ်တော် အမတ်တွေနဲ့ အစိုးရ ဝန်ထမ်းတွေက အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လူထုက အကြီးအကျယ် ဒေါသထွက်နေတဲ့ အချိန်မှာပဲ အခုလိုမျိုး မုန်တိုင်းတွေ ဆက်တိုက် တိုက်ခတ်နေတာလည်း ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

အတွေးအမြင်

​ဘေး​ပေါင်းစုံရင်ဆိုင်​နေရ​သောမြန်မာလူထုအတွက် သတိထားစရာ နောက်ထပ်ဘေးအန္တရာယ်တစ်ခု ခြိမ်းခြောက်လာပြန်ပါသည်။ မျက်နှာစိမ်း ဘေးအန္တရာယ်တော့ မဟုတ်ပါ။ မြန်မာလူထု အကြိမ်ကြိမ်ရင်ဆိုင်ဖူးခဲ့ဖူး​သော်လည်းအကြိမ်ကြိမ်အထိနာဖူးခဲ့ဖူးသည့် မုန်တိုင်းဘေးနှင့် ရေ​ဘေး၊ မြေပြိုမှုဘေးဖြစ်သည်။

နိုင်ငံတကာ

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားဝင် စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

စူပါ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း သောင်းဂဏန်းလောက် အရေးပေါ် ကြိုတင် ပြောင်းရွှေ့ထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

သမ္မတဖြစ်မနေရင် သူလည်း လမ်းပေါ်ထွက် ဆန္ဒပြမှာလို့ပြော