close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကဒါဖီဆီက တရားမဝင် ငွေကြေးရယူခဲ့မှုအတွက် ပြင်သစ် သမ္မတဟောင်း ဆာကိုဇီ ထောင် ၅ နှစ် ချမှတ်ခံရ

လစ်ဗျား အာဏာရှင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူအမ်မာ ကဒါဖီဆီက တရားမဝင် ငွေကြေးတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပြင်သစ် သမ္မတဟောင်း နစ်ကိုလက်စ် ဆာကိုဇီဟာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Getty Images/File

လစ်ဗျား အာဏာရှင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူအမ်မာ ကဒါဖီဆီက တရားမဝင် ငွေကြေးတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပြင်သစ် သမ္မတဟောင်း နစ်ကိုလက်စ် ဆာကိုဇီဟာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

အဓိက စွပ်စွဲခံရတဲ့ အကြောင်းအရာကတော့ ဆာကိုဇီဟာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတုန်းက ကဒါဖီဆီကနေ ယူရိုငွေ သန်းပေါင်း ဆယ်ဂဏန်းနဲ့ချီ တရားမဝင် အကူအညီ ရယူပြီး သုံးစွဲခဲ့တယ် ဆိုတာပါပဲ။ ပြင်သစ်ရဲ့ ဥပဒေတွေမှာတော့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွက် ပြည်ပနိုင်ငံတွေရဲ့ ငွေကြေး ထည့်ဝင် လှူဒါန်းမှုတိုင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ၂၀၁၁ မှာ ကဒါဖီ အစိုးရ ပြုတ်ကျခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေမှာ အဲဒီ ငွေကြေး လွှဲပြောင်းမှုတွေ ပေါက်ကြားလာရာက ဆာကိုဇီအတွက် စပြီး အကျပ်ရိုက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားခွင်မှာလည်း သက်သေတချို့က သူတို့ဟာ လက်ဆွဲသေတ္တာအပြည့် ငွေသားတွေကို လက်လွှဲယူဆောင်ပေးရတာတွေ ရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ ပါရီမြို့ ရာဇဝတ်ခုံရုံးက ဆာကိုဇီဟာ အဲဒီ စွပ်စွဲချက်အတွက် ကျိန်းသေပေါက် အပြစ်ရှိကြောင်း သတ်မှတ်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဂတိ လိုက်စားမှု၊ မဲဆွယ်မှုတွေမှာ တရားမဝင် ငွေကြေးတွေ ခြယ်လှယ် အသုံးပြုမှုစတဲ့ တခြားစွပ်စွဲချက်တွေကနေတော့ သူ့ကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ပါတယ်။ တရားရုံး စီရင်ချက်အရ ဆာကိုဇီဟာ ပြစ်ဒဏ်ကို အယူခံ ဝင်ရင်တောင်မှ အကျဉ်းထောင်ထဲမှာတော့ ဆက်ပြီး နေနေရဦးမှာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတအဖြစ် ၂၀၀၇ ကနေ ၂၀၁၂ ထိ တာဝန်ယူခဲ့ဖူးတဲ့ အသက် ၇၀ အရွယ် ဆာကိုဇီကတော့ တရားရုံး ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူက ဘယ်လို အမှားမျိုးမှ ကျူးလွန်မထားခဲ့ပါဘူးလို့ အစဉ်တစိုက် ငြင်းဆန်ခဲ့သလို သူ့အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ ထိုးနှက် လုပ်ကြံမှုတွေသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရ ရှေ့နေတွေကတော့ ဆာကိုဇီကို ကဒါဖီက ငွေကြေး ထောက်ပံ့ ကူညီခဲ့ပြီး အပြန်အလှန် အနေနဲ့ ဆာကိုဇီက အနောက်နိုင်ငံတွေကြားမှာ နာမည်ကောင်း မရတဲ့ ကဒါဖီရဲ့ ပုံရိပ်ကို ဝါဒဖြန့် သန့်စင်ပေးဖို့ ကတိပြုထားခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ စီရင်ချက်မှာတော့ ဆာကိုဇီဟာ ထောင်ဒဏ်အပြင် ဒဏ်ကြေး ယူရို ၁ သိန်းပါ ပေးဆောင်ဖို့ ပါရှိခဲ့ပါတယ်။

ဆာကိုဇီဟာ လာမယ့် ရက်ပိုင်းအတွင်း ပါရီမှာရှိတဲ့ အကျဉ်းထောင် တစ်ခုကို ပို့ဆောင်ခြင်း ခံရမှာ ဖြစ်ပါတယ်။ သူက နိုင်ငံရဲ့ တရားစီရင်ရေးအပေါ် အပြည့်အဝ ယုံကြည်ခဲ့သူ တစ်ဦးအနေနဲ့ တရားရုံး ဆုံးဖြတ်ချက်အပေါ် အများကြီး စိတ်ထိခိုက်မိကြောင်း၊ သူ့ကို ထောင်ထဲမှာ အိပ်စေချင်ကြတဲ့ သူတွေရှေ့မှာ သူက ထောင်ထဲကို သွားမှာဖြစ်ပေမယ့် ခေါင်းတော့ ငိုက်စိုက်နေမှာ မဟုတ်ကြောင်း သမ္မတဟောင်းက ဆိုပါတယ်။

ကဒါဖီရဲ့ သားဖြစ်သူ ဆိုင်ဖ်အယ်လ် အစ္စလာမ်က ဆာကိုဇီဟာ ဖခင်ဆီကနေ ရွေးကောက်ပွဲ ရန်ပုံငွေတွေ အများအပြား တရားမဝင် လက်ခံယူခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် ၂၀၁၃ မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက်ပိုင်း ဆာကိုဇီဟာ နောက်ထပ် ရာဇဝတ်ကြောင်းဆိုင်ရာ စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

၂၀၂၄ တုန်းကလည်း ဆာကိုဇီဟာ ၂၀၁၂ ရွေးကောက်ပွဲတုန်းက မဲဆွယ်ငွေတွေကို အလွန်အကျွံ အသုံးပြုခဲ့ပြီး အဲဒီ အချက်အလက်ကို ဖုံးဖိဖို့ ကြိုးစားခဲ့ကြောင်း ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပြီး အဲဒီထဲက ၆ လကိုတော့ ဆိုင်းငံ့ပြစ်ဒဏ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၂၁ တုန်းကလည်း သူဟာ အဲဒီမတိုင်ခင် ၇ နှစ်လောက်တုန်းက တရားသူကြီး တစ်ဦးကို လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ ဆိုင်းငံ့ပြစ်ဒဏ် ၂ နှစ် အပါအဝင် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ် အနေနဲ့ ပြောင်းလဲဖို့ အယူခံ အောင်မြင်သွားခဲ့ပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံ သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးက ပထမဆုံးအကြိမ် ထောင်ဒဏ် စီရင်ချက် ချမှတ်ခံရမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ