အနာဂတ် အနောက် ဥရောပ နိုင်ငံတွေရဲ့ ဒရုန်းစစ်ဆင်ရေး နယ်ပယ်မှာ လွှမ်းမိုး နေရာယူလာနိုင်ဖို့ ရည်ရွယ်ထားတဲ့ တိုက်ခိုက်ရေး ဒရုန်းအသစ် တစ်မျိုးကို ဂျာမနီမှာ မိတ်ဆက် ပြသခဲ့ပါတယ်။
ဂျာမနီရဲ့ ကာကွယ်ရေး နည်းပညာ လုပ်ငန်းစု တစ်ခုဖြစ်တဲ့ Helsingဟာ အလိုအလျောက် ထိန်းချုပ် ပျံသန်းပြီး စစ်ဆင်ရေး ဆောင်ရွက်နိုင်တဲ့ Europa ဒရုန်းအသစ်ကို မိတ်ဆက် ပြသခဲ့ပါတယ်။ ကုတ်ဒ်နံပါတ် CA-1လို့ နာမည်ပေးထားတဲ့ Europaဟာ လောလောဆယ်မှာ စမ်းသပ် အဆင့်မြှင့်တင်ဆဲ အဆင့်ကို ဖြတ်သန်းနေပြီး ပထမဆုံး လက်တွေ့ ပျံသန်းမှုကို ၂၀၂၇ ခုနှစ်မှာ လုပ်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မြူးနစ်မြို့ပြင်မှာ တည်ထားတဲ့ Helsingရဲ့ စက်ရုံမှာ Europaကို အဆင့်မြှင့်တင် တည်ဆောက်နေတာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ ၄ နှစ်အတွင်း စစ်ဆင်ရေးတွေမှာ လက်တွေ့ အသုံးချနေတဲ့ အဆင့်ထိ ရောက်နိုင်ဖို့လို့ Helsingက ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ Europa ဒရုန်းရဲ့ အရွယ်အစားတူ နမူနာ ပုံစံကို တူဆန်ဟိုဆန်မြို့မှာ ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒရုန်းဟာ ခေတ်ရှေ့ပြေး ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားသလို အောက်ခြေမှာ စုပြီး အပေါ်ပိုင်းကို နှစ်ခွ ကားထွက်သွားတဲ့ V ပုံသဏ္ဍန် အမြီးတည်ဆောက်မှုကို အသုံးပြုထားတာ တွေ့ခဲ့ရပါတယ်။

Public Service Announcement
စစ်ရေးလှုပ်ရှားမှုတွေမှာ အဲဒီ ဒရုန်းဟာ အသင့်တော်ဆုံး ရွေးချယ်မှုတွေကို ကိုယ်တိုင်ချမှတ် ဆုံးဖြတ်နိုင်မှာဖြစ်ပြီး ဒီအခြေအနေက စစ်ရေးကဏ္ဍမှာ ဉာဏ်ရည်တု (AI) နည်းပညာ ဘယ်လောက်ထိ အရေးပါလာနေသလဲ ဆိုတာကို ပိုပြီး မြင်သာစေတယ်လို့ Helsingရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Europa ဒရုန်းဟာ ၄ တန် အလေးချိန်ရှိပြီး တစ်စီးတည်း ပျံသန်းရင်း စစ်ဆင်ရေး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ Helsingရဲ့ အဆိုအရ Europaဟာ တခြား ဒရုန်းတွေနဲ့ ချိတ်ဆက် ပျံသန်းရင်း တိုက်ပွဲဝင်နိုင်မှာ ဖြစ်သလို လူသား ပိုင်းလော့တွေ မောင်းနှင်တဲ့ တိုက်လေယာဉ်တွေအတွက် တွဲဖက် Wingman အဖြစ်လည်း တာဝန်ယူနိုင်မယ်လို့ သိရပါတယ်။ ဒရုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။
ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ လက်တွေ့ စစ်မြေပြင်တွေမှာ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုကို အံ့ဩစရာ မြန်နှုန်းမျိုးနဲ့ ရှေ့တန်းရောက်လာအောင် တွန်းတင်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်အင်အားကြီး နိုင်ငံတွေဟာ စစ်ရေးကဏ္ဍမှာ ဒရုန်းတွေကို ပိုပြီး အားထားလာသလို ဒရုန်းနည်းပညာတွေကိုလည်း အပြိုင်အဆိုင် မြှင့်တင်လာကြပါတယ်။
မနှစ်တုန်းက အမေရိကန်မှာ နာမည်ကြီး Reaper အမျိုးအစား ဒရုန်းတွေ ထုတ်လုပ်တဲ့ General Atomics ကုမ္ပဏီဟာ ကယ်လီဖိုးနီးယား အခြေစိုက် Anduril ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရန်သူ့ ရေဒါတွေကို တားဆီးနှောင့်ယှက်နိုင်တဲ့၊ ဒါမှမဟုတ် ယောင်ပြ ပစ်မှတ်တုတွေအဖြစ် ပျံသန်းနိုင်တဲ့ ဒရုန်းတွေကို စတင် စမ်းသပ် တည်ဆောက်နေပါတယ်။
ဇွန်လတုန်းကတော့ ဥရောပ လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Airbusဟာ Eurofighterလို လက်ရှိမျိုးဆက် တိုက်လေယာဉ်တွေနဲ့ တွဲဖက်ပြီး စစ်ဆင်ရေးအတွက် ပျံသန်းနိုင်မယ့် ကိုယ်ပိုင် တိုက်ခိုက်ရေး ဒရုန်း ပုံစံသစ်ကို မိတ်ဆက် ပြသခဲ့ဖူးပါတယ်။
Helsing ကုမ္ပဏီကတော့ Europaကို အဆင့်မြှင့် တည်ဆောက်တဲ့ ပရောဂျက်မှာ ဒေါ်လာ သန်းပေါင်း ရာနဲ့ချီ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်စေဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ပြီးတော့ ဂျာမနီမှာသာ မကဘဲ တခြားဥရောပ နိုင်ငံတွေဆီကိုပါ တင်ပို့ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
Europaတွေရဲ့ ကျသင့်မယ့် တန်ဖိုးနဲ့ တပ်ဆင်နိုင်မယ့် လက်နက် အမျိုးအစားတွေကိုတော့ ကုမ္ပဏီဖက်က ထုတ်မပြောသေးပါဘူး။ ဒါပေမဲ့ အဆင့်အမြင့်ဆုံး နောက်ဆုံးမျိုးဆက် တိုက်လေယာဉ်တွေရဲ့ စျေးနဲ့ယှဉ်ရင် အစိတ်အပိုင်း တစ်ခုစာလောက်သာ ရှိလိမ့်မယ်လို့တော့ မှတ်ချက်ပေးထားပါတယ်။
ကိုးကား: Reuters





















































