လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကို ဗုံးခွဲမယ့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ ဘရာဇီး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရီယိုဒီဂျနေးရိုး မြို့မှာရှိတဲ့ ကိုပါကာဘာနာ ကမ်းခြေမှာ မေလ ၄ ရက်နေ့က ကမ္ဘာကျော် အဆိုတော် ဂါဂါရဲ့ အခမဲ့ ဖျော်ဖြေပွဲကို ကျင်းပခဲ့ပြီး ပရိသတ် ၂ သန်းကျော်လောက် တက်ရောက်ခဲ့ပါတယ်။ မြို့ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေဖို့ ရည်ရွယ်ပြီး အဲဒီ ဖျော်ဖြေပွဲကို ရီယိုမြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေကပဲ စရိတ်စိုက်ထုတ် အကုန်အကျ ခံပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအနှံ့နဲ့ တခြားနိုင်ငံတွေက ပရိသတ် သန်းနဲ့ချီ ရောက်ရှိလာမှာကို ကြိုတင် တွက်ဆထားတာကြောင့် ရီယို ရဲတပ်ဖွဲ့ဟာ တရားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားခဲ့ပါတယ်။
အဖျက်သမား တစ်ဦးဟာ လက်လုပ်ဗုံးတွေကို အသုံးပြုပြီး လူအုပ်ကြားမှာ ဖောက်ခွဲဖို့ အနည်းဆုံး လူငယ် တစ်ဦးကို ငှားရမ်းထားတယ် ဆိုတာ သတင်းရရှိခဲ့ကြောင်း၊ ရည်ရွယ်ချက်ကတော့ လူမှုကွန်ရက်ပေါ်မှာ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး သတင်းဆိုးတွေ ဖြန့်နိုင်စေဖို့ဖြစ်ကြောင်းဖြစ်ကြောင်း ရဲတွေက ပြောပါတယ်။

Public Service Announcement
မေလ ၄ ရက်နေ့မှာတော့ အဲဒီ အစီအစဉ်ကို ရေးဆွဲသူနဲ့ နောက်ထပ် ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ရဲတွေက ကြေညာခဲ့ပါတယ်။
ဂါဂါရဲ့ အဖွဲ့ကတော့ ဖျော်ဖြေပွဲမှာ ဗုံးခြိမ်းခြောက်မှု ပြဿနာမျိုး ရှိခဲ့တယ် ဆိုတာကို ပွဲအပြီး နောက်တစ်နေ့ မနက်ကျမှ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုကနေ သိရှိခဲ့တာလို့ ပြောပါတယ်။
ရဲတွေက တိုက်ခိုက်မှု ကျူးလွန်ဖို့ ရည်ရွယ်ခဲ့တဲ့ အဖွဲ့ဟာ ကလေးတွေ၊ ဆယ်ကျော်သက် လူငယ်တွေနဲ့ LGBT အသိုက်အဝန်းကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ ဖြန့်ဝေဖို့လည်း ရည်ရွယ်ထားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
နာမည်ဖော်မပြတဲ့ အဓိက ကြိုးကိုင်သူကို ဘရာဇီးတောင်ပိုင်း၊ ရီယိုဂရန်ဒိုဆူလ် ပြည်နယ်မှာ တရားမဝင် ပိုင်ဆိုင်တဲ့ သေနတ်တစ်လက်နဲ့အတူ ဖမ်းမိခဲ့ပြီး ဆယ်ကျော်သက် လူငယ်ကိုတော့ ရီယိုမြို့ထဲမှာပဲ ဖမ်းမိခဲ့ပြီး သူ့လက်ထဲမှာ ကလေးတွေရဲ့ ညစ်ညမ်းဓာတ်ပုံတွေ ရှိနေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
တိုက်ခိုက်မှုကို စေခိုင်းသူဟာ လူငယ်တွေကို အစွန်းရောက် အတွေးတွေ ရိုက်သွင်းပေးနေပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ သူတစ်ပါးကို နာကျင်အောင် လုပ်ဆောင်တာမျိုးတွေကို သွေးထိုးပေးနေတယ်လို့လည်း ရဲတွေက စွပ်စွဲထားပါတယ်။ အခုဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ နောက်ထပ် ကြံရာပါတွေကိုလည်း ရဲတွေက စုံစမ်း ရှာဖွေနေပါတယ်။
တရားရေး ဝန်ကြီးဌာနက အဖျက်သမား အစုအဖွဲ့ဟာ ကိုယ့်ကိုယ်ကိုယ် ဂါဂါပရိသတ်တွေလို့ ဟန်ဆောင်ပြီး ဖျော်ဖြေပွဲ ကျင်းပတဲ့ ကမ်းခြေထဲ ဝင်ရောက်ဖို့ ကြံစည်ထားခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး သတင်းတွေ ရခဲ့တဲ့နောက် ရဲတွေဟာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ပြီး ပရိသတ်တွေ ယူဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုအခါ ပြည်နယ်တချို့မှာ ဖမ်းဝရမ်းတွေလည်း ထုတ်ပြန်ထားပါတယ်။
ရီယို ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဖျော်ဖြေပွဲ လုံခြုံရေးအတွက် ရဲအင်အား ၅၀၀၀ လောက်ကို အသုံးပြုခဲ့ပြီး ပရိသတ်တွေ ယူဆောင်လာတဲ့ ပစ္စည်းတွေကို သတ္တု ထောက်လှမ်းရေး ကိရိယာတွေနဲ့ သေချာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဂါဂါဟာ ၂၀၁၂ နောက်ပိုင်း ဘရာဇီးနိုင်ငံမှာ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ပြန်လည် ကျင်းပခဲ့တာဖြစ်ပြီး သူ့ကို အရူးအမူး အားပေးတဲ့ ပရိသတ်တွေ အလုံးအရင်း ရီယိုမြို့ဆီ ရောက်လာခဲ့ကြတာပါ။ အဲဒီ ဖျော်ဖြေပွဲကို အကြောင်းပြုပြီး မြို့ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ ဝင်ငွေ အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ လောက် တိုးပွားလာခဲ့လိမ့်မယ်လို့ ရီယိုမြို့ အုပ်ချုပ်ရေး အဖွဲ့က ခန့်မှန်းထားပါတယ်။
ကိုးကား: AP
