နိုင်ငံတကာ စစ်လက်နက် ဝယ်ယူမှု အသုံးစရိတ်တွေဟာ ပြီးခဲ့တဲ့နှစ်မှာ မကြုံစဖူး စံချိန်တင် အခြေအနေထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတွေရဲ့ စစ်လက်နက် ဝယ်ယူဖြည့်တင်းမှု တန်ဖိုးဟာ ဒေါ်လာ ၂.၇၂ ထရီလီယံထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နဲ့ယှဉ်ရင် ၉.၄ ရာခိုင်နှုန်း ထိုးတက်လာတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အေးခေတ်နောက်ပိုင်း တစ်နှစ်ချင်းစီ နှိုင်းယှဉ်မှုမှာ ရာခိုင်နှုန်း အမြင့်ဆုံး ရုတ်တရက် တိုးမြင့်သွားမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ခ်ဟုမ်း ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က အခု လေ့လာမှု ရလဒ်တွေကို ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာအနှံ့မှာ ပဋိပက္ခတွေ၊ ပထဝီဝင် နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်လာခြင်းနဲ့အတူ နိုင်ငံတကာ စစ်ရေး အသုံးစရိတ်တွေဟာ ၁၀ နှစ်ဆက်တိုက် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဥရောပ နိုင်ငံတွေမှာ ကာကွယ်ရေး အစီအမံ မြှင့်တင်ဖို့ လက်နက် ဝယ်ယူမှုတွေကလည်း တောက်လျှောက် ထိုးတက်လာပါတယ်။ နောက်ပြီး ဂါဇာ စစ်ပွဲကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်းရဲ့ လက်နက်စျေးကွက်ကလည်း ပိုပြီး သွက်လက်နေပါတယ်။

Public Service Announcement
ခြုံကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်တုန်းက တစ်ကမ္ဘာလုံးရဲ့ ကုန်ထုတ်စီးပွားရေး ပမာဏ စုစုပေါင်းရဲ့ ၂.၅ ရာခိုင်နှုန်းကို လက်နက်ဝယ်ဖို့ သုံးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ဟာ စစ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်ခဲ့ကြတယ်လို့ SIPRIရဲ့ စစ်အသုံးစရိတ်နဲ့ လက်နက် ထုတ်လုပ်မှု အစီအမံမှာ ပါဝင်သူ သုတေသီ ရှောင်လီအန်းက ပြောပါတယ်။
အစိုးရ အသီးသီးဟာ ကာကွယ်ရေးအတွက် စစ်လက်နက်တွေ ဝယ်ယူမှု စရိတ်စကကိုသာ မကဘဲ တခြား စစ်ဘက်ဆိုင်ရာ ကဏ္ဍတွေရဲ့ အသုံးစရိတ်တွေကိုလည်း မြှင့်တင်လာကြကြောင်း၊ စစ်ရေးစရိတ်တွေအတွက် ခွဲတမ်းပိုတိုးလာနေတာဟာ လာမယ့် နှစ်တွေအတွင်း လူ့အဖွဲ့အစည်းတွေ အများအပြားအတွက် အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်လို့လည်း SIPRIက သတိပေးခဲ့ပါတယ်။
စစ်သုံးစရိတ်တွေကို နိုင်ငံအလိုက် ယှဉ်ကြည့်တဲ့အခါ အမေရိကန်ဟာ ဒေါ်လာ ၉၉၇ ဘီလီယံနဲ့ ထိပ်ဆုံးနေရာက ဆက်လက် ဦးဆောင်နေပြီး တရုတ်က ခန့်မှန်းခြေ ဒေါ်လာ ၃၁၄ ဘီလီယံ၊ ရုရှားက ဒေါ်လာ ၁၄၉ ဘီလီယံ၊ ဂျာမနီက ဒေါ်လာ ၈၈.၅ ဘီလီယံ၊ အိန္ဒိယက ဒေါ်လာ ၈၆.၁ ဘီလီယံနဲ့ ထိပ်ဆုံး ၅ နေရာမှာ ရှိနေကြပါတယ်။ အဲဒီ ၅ နိုင်ငံရဲ့ စစ်သုံးစရိတ်ဟာ တစ်ကမ္ဘာလုံးစာ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်း ရှိနေတယ်လို့လည်း သိရပါတယ်။
NATO စစ်မဟာမိတ် နိုင်ငံတွေဟာ စစ်ရေးကဏ္ဍ အသီးသီးအတွက် ၂၀၂၄ ခုနှစ်ထဲမှာ စုစုပေါင်း ဒေါ်လာ ၁.၅၁ ထရီလီယံ သုံးစွဲခဲ့ကြပါတယ်။ NATO အဖွဲ့ကို ထူထောင်ချိန်မှာ အဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီဟာ နိုင်ငံစီးပွားရေး GDPရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေး စရိတ်အတွက် သုံးစွဲရမယ်လို့ ကတိပြုထားကြရပြီး အခုတော့ အဖွဲ့ဝင် ၃၂ နိုင်ငံမှာ ၁၈ ရာခိုင်နှုန်းဟာ အဲဒီ အချိုးအစား ကျော်လွန်အောင် သုံးစွဲနေပါတယ်။ ၂၀၂၃ ခုနှစ်က GDPရဲ့ ၂ ရာခိုင်နှုန်းထက် ကျော်အောင် ကာကွယ်ရေးစရိတ် သုံးစွဲတဲ့ NATO အဖွဲ့ဝင် ၁၁ နိုင်ငံသာ အဲဒီလို ပြည့်မီအောင် ကာကွယ်ရေးစရိတ် သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံတွေဟာ လူဦးရေနဲ့ ယှဉ်ရင် ပျမ်းမျှအနေနဲ့ လူတစ်ဦးချင်းစီအတွက် စစ်စရိတ် ၃၃၄ ဒေါ်လာ အသုံးပြုခဲ့တာနဲ့ ညီမျှပြီး ဒါကလည်း စစ်အေးကာလ ပြီးဆုံးပြီးနောက်ပိုင်း အမြင့်ဆုံး ဖြစ်လာကြောင်း သိရှိရပါတယ်။
ကိုးကား: Defence News
https://www.defensenews.com/global/2025/04/29/global-arms-spending-made-biggest-post-cold-war-jump-in-2024-report/
