အာဏာသိမ်းစစ်ကောင်စီဟာ ဒီနှစ် ဘတ်ဂျက်မှာ စစ်အသုံးစရိတ်ကို ကျန်းမာရေးနဲ့ပညာရေးကဏ္ဍမှာ သုံးစွဲမယ့် ငွေကြေးပမာဏ ထက် ၂ ဆသုံးစွဲမယ်လို့သိရပါတယ်။
လက်ရှိ ဧပြီလ ၁ ရက်ကနေ စတင်တဲ့ ၂၀၂၃ −၂၀၂၄ ဘတ်ဂျက်နှစ် အတွက် အသုံးစရိတ်ကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာကတဆင့်ဖော်ပြရာမှာ စစ်အသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော် သုံးစွဲမှာ တွေ့ရပါတယ်။
ပညာရေးကဏ္ဍ အတွက် ကျပ်ဘီလီယံ ၂,၀၀၀ ကျော်သုံးစွဲမှာဖြစ်ပြီး ကျန်းမာရေးစရိတ်ကို ကျပ်ဘီလီယံ၈၀၀ သာ စစ်ကောင်စီက သုံးစွဲမှာပါ။
ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ၂ ရပ်ပေါင်းသုံးစွဲမယ့်ငွေဟာ ကျပ်ဘီလီယံ ၂,၈၀၀ ကျော် သာ ရှိပြီး အဲဒီပမာဏရဲ့ ၂ ဆကို စစ်အသုံးစရိတ်အဖြစ် စစ်ကောင်စီ က သုံးစွဲမှာလည်းဖြစ်ပါတယ်။
စစ်အသုံးစရိတ်ဟာ အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံမှာ ခုန်တက်လာတာပါ။
အာဏာသိမ်းပြီးနောက် လွှတ်တော်ရဲ့ စိစစ်ဖြတ်တောက်မှုမရှိတော့ဘဲ ဘတ်ဂျက်ကို စိတ်ကြိုက်ရေးဆွဲခွင့်ရနေတဲ့စစ်ကောင်စီဟာ စစ်တပ်အသုံးစရိတ် ကိုတိုးမြှင့်သုံးစွဲလာတာတွေ့ရပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ယခင်နှစ်ကထက် ဘီလီယံ ၃၀၀ ပိုများလာပြီး ကျပ်ဘီလီယံ ၃,၇၀၀ ဖြစ်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ထိ တဟုန်ထိုးတက်လာတာပါ။
