စစ်ရေး လျှို့ဝှက်ချက်တွေကို ဒုတိယမြောက် Signal group chat တစ်ခုထဲမှာပါ မျှဝေထားခဲ့ကြောင်း စွပ်စွဲမှုတွေ ခံနေရတဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာကွယ် ပြောကြားခဲ့ပါတယ်။
ယီမင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်ခင် အချက်အလက်တွေကို အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေက Signalရဲ့ group chat တစ်ခုထဲမှာ ဆွေးနွေးခဲ့ကြတဲ့ကိစ္စ ပေါက်ကြားခဲ့ပြီး အကြီးအကျယ် ဝေဖန်ခံခဲ့ရတဲ့ ကိစ္စရဲ့ နောက်ဆက်တွဲအဖြစ် ဟက်ဂ်ဆက်သ်က ပြဿနာ ထပ်တက်နေတာ ဖြစ်ပါတယ်။
အစောပိုင်း ဖြစ်စဉ်မှာတုန်းက အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝေါ့ဇ်က Atlantic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ကို စစ်ဆင်ရေးကိစ္စ ဆွေးနွေးကြတဲ့ Signal group chatထဲ မှားယွင်း ထည့်သွင်းမိခဲ့တာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်က ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အဖွဲ့တွေကို အမေရိကန်က တိုက်ခိုက်မယ့် စစ်ဆင်ရေးကို Signalမှာ ဆွေးနွေးခဲ့ကြပြီး သူ့ကိုပါ မှားယွင်း ထည့်သွင်းခဲ့တဲ့ အကြောင်းကို စစ်ဆင်ရေးတွေ အစပြုပြီး ရက်အတော်ကြာမှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အရမ်းအရေးကြီးတဲ့ စစ်ရေး လျှို့ဝှက်ချက်တွေ ဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ သီးသန့် အစီအမံတွေ ရှိလျက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ appထဲမှာ group chatအဖြစ် ဆွေးနွေးခဲ့ခြင်းက စစ်ဆင်ရေးမှာ ပါဝင်တဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ လုံခြုံရေးကို အကြီးအကျယ် ထိခိုက် ခြိမ်းခြောက်ရာရောက်ကြောင်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

Public Service Announcement
အဲဒီ group chatထဲမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်နဲ့ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်တို့လည်း ပါဝင်ခဲ့ပါတယ်။ မတ်လလယ်လောက်တုန်းက နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်း ဖြစ်ခဲ့တဲ့ အဲဒီ အရှုပ်ထုပ်မှာ ဟက်ဆက်သ်ဟာ စစ်ရေး လျှို့ဝှက်ချက်တွေကို နောက်ထပ် Signal group chat တစ်ခုထဲ ယူဆောင်ပြီး မျှဝေ အသိပေးထားခဲ့ကြောင်း နောက်ဆက်တွဲ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။
New York Times သတင်းဌာနက အဲဒီအကြောင်းကို စတင် စွပ်စွဲ ဖော်ပြခဲ့ပြီး ဟက်ဆက်သ်ဟာ ဇနီး၊ အစ်ကိုနဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေတို့ ရှိနေတဲ့ group chatထဲမှာ စစ်ဆင်ရေး အချက်အလက်တွေကို ဝေမျှခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ထုံးလုပ်နည်းတွေ အရဆိုရင် အဲဒီကိစ္စဟာ စည်းမျဉ်းချိုးဖောက်မှု အကြီးစား တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။
CBS သတင်းဌာနကလည်း ဟက်ဂ်ဆက်သ်ဟာ ဒုတိယမြောက် group chat တစ်ခုမှာ အမေရိကန်ရဲ့ စစ်ရေး လျှို့ဝှက်ချက်တွေကို မတ်လ ၁၅ ရက်နေ့က မျှဝေထားခဲ့တယ်ဆိုတဲ့ သတင်းက မှန်ကန်ကြောင်း နီးစပ်တဲ့ အရင်းအမြစ်တွေကို ကိုးကားပြီး အတည်ပြုခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အရာရှိတွေကတော့ စစ်ရေးလျှို့ဝှက်ချက်တွေဟာ နောက်ထပ် Signal group chat တစ်ခုထဲမှာ မျှဝေဖော်ပြ ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးမကြီးသယောင် ပြောဆိုခဲ့ပေမယ့် စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ မငြင်းခဲ့ပါဘူး။ ဟက်ဂ်ဆက်သ် ကိုယ်တိုင်ကလည်း New York Timesက စတင်ဖော်ပြခဲ့တဲ့ ဒုတိယမြောက် group chatကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။
အဲဒီကိစ္စအပေါ် ဧပြီ ၂၁ ရက်နေ့မှာ သတင်းထောက်တွေက မေးမြန်းတဲ့အခါ သမ္မတ ထရမ့်က တိုက်ရိုက် မဖြေဘဲ ဟက်ဂ်ဆက်သ်ဟာ သူ့တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်နေပြီး အားလုံးကလည်း သူနဲ့ပတ်သက်လို့ ပျော်ရွှင်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲလို့လည်း ထရမ့်က ပြောပါတယ်။
Signal group chatနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နှစ်ပတ်လောက်ကြာအောင် ပြောဆိုနေပြီးတဲ့နောက် ကိစ္စအဟောင်းတွေကို အစပြန်ဆွဲထုတ်မယ့်အစား အကြောင်းအရာ အသစ်တွေကို စမ်းကြည့်သင့်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ Signal group chatထဲမှာ ဘယ်လို ထိပ်တန်းအဆင့် လျှို့ဝှက်ချက်ကိုမှ ဝေမျှမှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဟက်ဂ်ဆက်သ်က ဒုတိယမြောက် group chatထဲမှာ အသိပေး မျှဝေထားတဲ့ အကြောင်းအရာတွေထဲမှာ ဟိုသီ ပစ်မှတ်တွေကို အမေရိကန်ရဲ့ F/A-18 တိုက်လေယာဉ်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
ဟက်ဂ်ဆက်သ်ရဲ့ ဇနီးဖြစ်သူ ဂျနီဖာ ရောချတ်ဟာ Fox News သတင်းဌာနရဲ့ ထုတ်လုပ်ရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနထဲမှာ ရာထူးလက်ကိုင် ရှိမနေပါဘူး။ ဟက်ဂ်ဆက်သ်ဟာ အရင်တုန်းကလည်း နိုင်ငံခြား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှာ ဇနီးဖြစ်သူကို ခေါ်ဆောင်သွားခဲ့တဲ့ ကိစ္စအတွက် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။
ကိုးကား: BBC
