အမေရိကန်မှာ လေယာဉ်ပြေးလမ်းပေါ် ရှိနေတုန်း ခရီးသည်တင် လေယာဉ်ရဲ့ အင်ဂျင် မီးစွဲလောင်လို့ ခရီးသည်တွေနဲ့ အမှုထမ်း စုစုပေါင်း ၃၀၀ နီးပါးလောက်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ဧပြီ ၂၁ ရက်နေ့တုန်းက ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ နိုင်ငံတကာ လေဆိပ်မှာ Delta လေကြောင်းပိုင် ခရီးသည် လေယာဉ်ရဲ့ အင်ဂျင်တစ်လုံး မီးထလောင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ညာဖက်အင်ဂျင် မီးစွဲလောင်နေတဲ့ လေယာဉ်ပေါ်ကနေ ခရီးသည်တွေဟာ ပျော့ပျော့အိအိ လေထိုး အရေးပေါ် လျှောတွေ အသုံးပြုပြီး အမြန်ဆုံး ရွှေ့ပြောင်း ထွက်ခွာနေတာကို တွေ့ခဲ့ရပါတယ်။
Delta လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၂၁၃ လေယာဉ်ဟာ အော်လန်ဒိုကနေ အတ္တလန္တာကို ပျံသန်းဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၂၈၂ ဦးနဲ့ အမှုထမ်း ၁၀ ဦးတို့ ရှိနေခဲ့ပါတယ်။ Airbus A330 အမျိုးအစား လေယာဉ်ပေါ်မှာ အထိတ်တလန့် အခြေအနေ ကြုံခဲ့ပေမယ့်လည်း အားလုံးကို အထိအခိုက်မရှိ အန္တရာယ်ကင်းကင်း ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
ခရီးသည်တွေရဲ့ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ပြီး အဆင်မပြေ ဖြစ်ခဲ့တာတွေအတွက်လည်း တောင်းပန်ကြောင်း လေကြောင်းလိုင်းက ဆိုပါတယ်။ အင်ဂျင်မှာ ရုတ်တရက် မီးထလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အမေရိကန်ရဲ့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေး ဌာနဟာ အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

Public Service Announcement
Delta လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းကလည်း ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ကို ဆင်းသက်ချိန်မှာ ပျက်ကျပြီး ပက်လက်ပါ လန်သွားခဲ့ပေမယ့် လိုက်ပါသွားသူ ၈၀ စလုံး အသက်ရှင်ခဲ့ကြပါတယ်။
ကိုးကား: BBC
