ဧပြီ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring
MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။
နမ့်ပေါင်ရွာဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး မိုးကာအုပ်ကားအစီးရေ ၅၀ ထက်မနည်းပါဝင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
“အခြေအနေကတော့ စိတ်မသန့်သလိုပဲဗျာ။ ဘာဆက်ဖြစ်မလဲမသိပါဘူး”ဟုမြို့ခံကပြောသည်။
စစ်ကောင်စီထောက်ခံသူအချို့ကမူ စိုးရိမ်စရာမရှိကြောင်းရေးသားနေကြသည်။ပြန်ဝင်လာသူများသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဘက်သို့ ဦးတည်ဝင်ရောက်သွားသည်ဟုဒေသခံများကပြောသည်။
တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ (၁)အလံကိုဧပြီလ၂၁ ရက်ကဖြုတ်ချခဲ့သည်။ထိုနောက် ဧပြီ ၂၂ ရက်နေ့တွင်စစ်ကောင်စီအင်အားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေသည်။တိန့်ရွှီကျွင်း၊စစ်ကောင်စီအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် MNDAAအထွေထွေအတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ်တို့သည် က လားရှိုးမြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်ဆွေးနွေးပွဲရလဒ်ကိုမသိရသေးပေ။
ရုပ်သံ-Padang Shingni)
ရမခ အပါအဝင် လားရှိုးမြို့ကို MNDAA နှင့်မဟာမိတ်များက၂၀၂၄ သြဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် MNDAA ပြန်ဆုတ်ခွာရပြီး စစ်ကောင်စီက ပြန်ဝင်လာခြင်းဖြစ်သည်။
တရုတ်အစိုးရက မြန်မာအရေးကိုထိုသို့ဝင်ရောက်စွက်ဖက်နေသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်အစိုးရမှာ အခြားတိုင်းပြည် ၏ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်သောမူကို လိုက်နာနေကြောင်းပြောသည်။
“တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေပါ။ မြန်မာ့အရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်က အလွန်ကိုပဲ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာပါတယ်”ဟုGuo Jiakun က ဧပြီ ၂၁ ရက်တွင်ပြုလုပ်သောတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။
