ယူကရိန်းနိုင်ငံက NATO စစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်ခွင့်ရမယ်ဆိုရင် သူ့ရဲ့ ရာထူးကို အသာတကြည် စွန့်ပေးနိုင်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
၃ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ ရုရှား ကျူးကျော်စစ် နှစ်ပတ်လည် မတိုင်ခင် တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဇီလန်စကီးက အခုလို ပြောဆိုခဲ့တာပါ။ ဇီလန်စကီးက စစ်ပွဲကို ရပ်ဆိုင်းနိုင်ခဲ့ရင်တောင် NATO အဖွဲ့ဝင် ဖြစ်ဖို့ကသာ တစ်ခုတည်းသော အာမခံချက်လို့ ယုံကြည်ကြောင်းလည်း ပြောကြားထားခဲ့ဖူးပါတယ်။
တကယ်လို့ သူ့ကို ထိုင်ခုံပေါ်က ဖယ်စေချင်တယ်ဆိုရင် သူ့အတွက် ပြဿနာ မဟုတ်ကြောင်း၊ ယူကရိန်းက NATO အဖွဲ့ဝင် ဖြစ်ခွင့်ရရေးနဲ့ သူ့ရဲ့ သမ္မတ ရာထူးကို အလဲအလှယ်လုပ်ဖို့ အသင့်ရှိကြောင်း ဇီလန်စကီးက ဆိုပါတယ်။
စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စစ်ရေး အထောက်အပံ့တွေ အလုံးအရင်း ပံ့ပိုးခဲ့တဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် မူဝါဒ အပြောင်းအလဲတွေ ရှိလာပြီး ရုရှားနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာပါတယ်။ ဒါ့အပြင် ထရမ့်ဟာ ဇီလန်စကီးအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိနေပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် ဝေဖန်ထိုးနှက်တဲ့ စကားတွေထိ ပြောလာခဲ့ပါတယ်။

Public Service Announcement
ဇီလန်စကီးဟာ ရွေးကောက်ပွဲ မကျင်းပဘဲ သမ္မတ နေရာကို ဆက်လက် ချုပ်ကိုင်ထားတဲ့ အာဏာရှင် တစ်ဦးသာ ဖြစ်တယ်လို့ ထရမ့်က ဝေဖန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မကြာခင်မှာ ဇီလန်စကီးက NATO အဖွဲ့ဝင် ဖြစ်ခွင့်နဲ့ သူ့သမ္မတ နေရာကို လဲနိုင်တယ်လို့ တုံ့ပြန်လာခဲ့တာပါ။ ယူကရိန်းမှာ ကျူးကျော်စစ်ဒဏ်ကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားရလို့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေကို သဘောပေါက်လျက်နဲ့ ထရမ့်ဟာ ဇီလန်စကီးကို အာဏာရှင်လို့ စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
ထရမ့်ကတော့ သူ့မှတ်ချက်ဟာ တကယ် အာဏာရှင်တစ်ယောက် မဟုတ်တဲ့သူအတွက် နာစရာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
၂၀၁၉ ခုနှစ်၊ မေလမှာ ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ ဖြစ်လာသူ ဇီလန်စကီးက သူ့ရဲ့ လက်ရှိ အာရုံ စူးစိုက်မှုဟာ နိုင်ငံရဲ့ လုံခြုံရေး အတွက်သာဖြစ်ပြီး ဆယ်စုနှစ်တွေနဲ့ချီ သမ္မတ လုပ်နေဖို့လည်း စိတ်ကူးယဉ်မထားကြောင်း ဆိုပါတယ်။
ယူကရိန်း ဖွဲ့စည်းပုံ ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာချိန် ကာလမှာ ရွေးကောက်ပွဲတွေ ကျင်းပခွင့်ကို တားမြစ်ထားပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက စတင်စစ်ပြု ကျူးကျော်ခဲ့ချိန် ကတည်းက ယူကရိန်းဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာထားခဲ့ရတာပါ။
ထရမ့်က ဇီလန်စကီးကို အာဏာရှင်အဖြစ် ပုတ်ခတ် ပြောဆိုခဲ့တာဟာ အနောက်မဟာမိတ် နိုင်ငံတွေ ကြားမှာပါ ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး ဥရောပနိုင်ငံတွေနဲ့ တခြား ကမ္ဘာ့နိုင်ငံတချို့က ဇီလန်စကီးဟာ ယူကရိန်းရဲ့ ဒီမိုကရေစီနဲ့အညီ ရွေးကောက် တင်မြှောက်ခံရတဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြောပြီး ယူကရိန်း သမ္မတဖက်က ကာကွယ် ရပ်တည်ပေးခဲ့ကြပါတယ်။
ဇီလန်စကီးဟာ ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်ခွင့်ပေးရေး တောင်းဆိုမှုကို လက်မလျှော့သေးပေမယ့် ထရမ့်ကတော့ စစ်ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေ အောင်မြင်ဖို့ ယူကရိန်းဟာ NATO အိပ်မက်ကို စွန့်လွှတ်ရမှာ ဖြစ်သလို ရုရှား သိမ်းယူထားရာ နယ်မြေတွေကိုလည်း လက်လွှတ်ပေးရနိုင်တယ်လို့ ကြိုတင် သတိပေး ပြောကြားထားပါတယ်။
ထရမ့်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောတဲ့ အခါမှာတော့ ဇီလန်စကီးက အမေရိကန် သမ္မတကို စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားနဲ့ယူကရိန်းကြား ဝင်ရောက် စေ့စပ်ပေးသူ ဆိုတာထက် ယူကရိန်းရဲ့ မဟာမိတ် အဖြစ်သာ ပိုပြီး တွေ့မြင်ချင်မိကြောင်း ဝန်ခံသွားပါတယ်။
ကိုးကား: BBC
