အမေရိကန် အစိုးရသစ်နဲ့ အားကောင်းတဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိစေလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် ကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ သိသိသာသာ ရှိနေပြီး ထရမ့်က သူ့ကို အာဏာရှင် တစ်ယောက်လို့ လောလောလတ်လတ် သုံးနှုူန်းဝေဖန်တာ ခံထားရတဲ့ အချိန်မှာ ဇီလန်စကီးဟာ ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိသ်ကဲလော့ဂ်နဲ့ ကိယက်ဗ်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားအစိုးရနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေချိန် အတောအတွင်း ဇီလန်စကီးနဲ့တော့ အနုတ်လက္ခဏာဆန်တဲ့ ဆက်ဆံရေး အခြေအနေမျိုးဆီ ဦးတည်နေစေခဲ့တာ ဖြစ်ပါတယ်။
ဇီလန်စကီးကတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကဲလော့ဂ်နဲ့ တွေ့ဆုံချိန်မှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ မယုတ်မလွန် ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူနဲ့ ကဲလော့ဂ်ဟာ စစ်မြေပြင် အခြေအနေတွေ၊ ယူကရိန်း သုံ့ပန်းတွေ လွတ်မြောက်ရေး ကိစ္စတွေ၊ ယူကရိန်း လုံခြုံရေး အာမခံချက်ဆိုင်ရာ အစီအမံတွေကို ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်နဲ့ ရုရှားရဲ့ အားကောင်းခိုင်မာတဲ့ ဆက်ဆံရေးဟာ တစ်ကမ္ဘာလုံးအတွက် ကောင်းကျိုး ဖြစ်ထွန်းစေဖို့ အရေးကြီးတဲ့ လိုအပ်ချက်မျိုးဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ထရမ့်ဟာ စစ်ပွဲတလျှောက် ယူကရိန်းကို အမေရိကန်က ထောက်ပံ့ခဲ့မှုတွေနဲ့ နောက်ထပ် ပံ့ပိုးရမယ့် အခြေအနေတွေအတွက် ယူကရိန်းရဲ့ မြေရှားသတ္တု သယံဇာတသိုက်တွေကို အမေရိကန်ဆီ ခွဲဝေပေးသင့်ကြောင်း ကဲလော့ဂ်ကနေတဆင့် တောင်းဆိုခဲ့ပေမယ့် ဇီလန်စကီးက ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာတော့ ထရမ့်ရဲ့ အတွင်းစည်း အသိုက်အဝန်းဟာ ဇီလန်စကီးကို ပုဂ္ဂိုလ်ရေး ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပိုပြီး အရှိန်မြှင့်တင်လာနေပါတယ်။ ထရမ့်ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ဇီလန်စကီးကို သူ့ရဲ့ ယူကရိန်း ပြည်သူတွေ ကိုယ်တိုင်က စက်ဆုပ်နေကြတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲ ရေးသားထားခဲ့ပါတယ်။
ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝေါ့ဇ်ကလည်း ဇီလန်စကီးဟာ မြေရှားသတ္တုနဲ့ တွင်းထွက် အရင်းအမြစ်တွေကို အမေရိကန်နဲ့ အပေးအယူလုပ်ဖို့ကိစ္စ သဘောမတူခဲ့တဲ့ ကိစ္စကို ဝေဖန်ခဲ့ပြီး ထရမ့်ဟာ အဲဒီ အခြေအနေအတွက် အတော် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ထုတ်ပြောသွားပါတယ်။
ဇီလန်စကီးကတော့ ထရမ့်ဖက်က အဆိုပြုတဲ့ ကိစ္စတစ်ခုဟာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက်တွေ မပါဝင်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ စစ်ပြေငြိမ်း ပြီးရင်တောင် နိုင်ငံရဲ့ အနာဂတ် လုံခြုံရေးအတွက် အာမခံချက် ပေးဖို့ဆိုတာဟာ ယူကရိန်း အစိုးရက အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီကနေ အလေးအနက် တောင်းဆိုထားတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။
ကိုးကား: AFP
