ကဖေး/People’s Spring
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသဘာဝရိပ်သာအတွက် ရူပီးငွေ သိန်းပေါင်း ၇၁၀ ငွေပေးချေရန်ရှိသောကြောင့်ဟုဆိုကာ သဘာဝတရားရိပ်သာဘုန်းကြီးက ၎င်းအားလှူဒါန်းထားသည့် ရန်ကုန်မြို့မှ သာသနာ့မြေကွက် နှစ်ကွက်ကို မဖြစ်မနေ ရောင်းချမည်ဟုကြေညာလိုက်သည်။
သဘာဝတရားရိပ်သာဘုန်းကြီးအရှင်ဥတ္တမသာရက ဖေဖော်ဝါရီလ၂၀ရက်တွင် ၎င်း၏ facebook အကောင့်တွင် “ရန်ကုန်မြို့တွင်း မြေနေရာကောင်းများသဘာဝရိပ်သာမှ မဖြစ်မနေရောင်းချ၍ ကုသိုလ်ပြုပါမည်”ဟု ကြေညာထားခြင်းဖြစ်သည်။
မင်္ဂလာတောင်ညွှန့် မြို့နယ်၊ မင်္ဂလာစျေးရှိ ဂမုန်းပွင့်ကုန်တိုက်ဘေးရှိမြေ နှင့် အဆောက်အအုံ၊ ဗိုလ်ချုပ်လမ်း သဘာဝရိပ်သာ တရားဆေးရုံတို့ကို စုစုပေါင်း သိန်း ၃၈ ၅၀၀ ဖြင့် ရောင်းချမည်ဟုဆိုသည်။

Public Service Announcement
ရူပီး သိန်း ၂၆၀ ကို ဖေဖော်ဝါရီလ၂၈ရက်နေ့နှင့်ရူပီး သီန်း ၄၅၀ကို ဧပြီလတွင မဖြစ်မနေ ပေးချေရမည်ဟု ဆိုထားသည်။
အိန္ဒိယ နိုင်ငံ အတွင်း အချိန်ပြည့် တရားရိပ်သာများ တရားပြဆရာများ အထူးလိုအပ်နေခြင်းနှင့် အိန္ဒိယနိုင်ငံ နှင့်ဗုဒ္ဓဂါဂယာ၏ လက်ရှိ အခြေအနေကောင်းများကြောင့်အချိန်ပြည့်သဘာဝရိပ်သာ တစ်ခုကို ဗုဒ္ဓဂါယာတွင် စတင်တည်ထောင်ရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဂါယာမှမြေနေရာကို ရောင်းချသည့်ပိုင်ရှင်က ငွေချေးရန်တောင်းဆိုနေ၍ ငွေ ပမာဏများခြင်း နှင့် နိုင်ငံရပ်ခြားဖြစ်နေခြင်းတို့ကြောင့် ရက်အနည်းငယ် နောက်ကျနိုင်ခြင်းများကို ရောင်းချသူ အား ရှင်းပြထားကြောင်း ဖော်ပြထားသည်။
သဘာဝတရားရိပ်သာကျောင်းထိုင်ဘုန်းကြီးသည် စစ်ကောင်စီထောက်ခံသည့် ဘုန်းကြီးဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၃ ဇွန်လ ၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုသွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ အနားယူရန်တိုက်တွန်းခဲ့ဖူးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိူင်ကို တရားမချဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာသည့်အပေါ် ယင်းဘုန်းကြီးကို ဝေဖန်မှုများရှိခဲ့ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် သဘာဝတရားရိပ်သာအတွက် ဆွမ်းမလောင်းသည့်ဖြစ်စဉ်အချို့ရှိခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်သူများကငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုးသည်ကို စစ်တပ်ကပြည်သူများကို ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ဖြိုခွင်းသဖြင့် ၊ပြည်သူများက ရရာလက်နက်စွဲကိုင်တော်လှန်ရာ စစ်ကောင်စီက ပြည်သူများကိုပါနည်းမျိုးစုံဖြင့်အကြမ်းဖက်၍ နေအိမ်များမီးရှို့နေချိန်တွင် ဘုန်းကြီးမှာ စစ်တပ်ကိုမကောင်းမပြောဘဲ မြန်မာပြည်သူများဝဋ်ကြွေးရှိ၍ ယခုဘဝခံနေရသည်ဟု စာရေးသားပြီး ပန်းပလက်များကို ရန်ကုန်ရှိ ဆွမ်းခံရာရပ်ကွက်များတွင် ဖြန့်ဝေသောကြောင့် ပြည်သူအချို့က ဝေဖန်ခဲ့ကြသေးသည်။
ထို့အပြင် ယင်းနှစ်ဇူလိုင်လထဲတွင်သဘာဝတရားရိပ်သာဘုန်းကြီးက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုဘေးဧရိယာသို့ ရောက်ရှိစဉ် အမေရိကန်ရောက်မြန်မာများ၏ ကန့်ကွက်ဆန္ဒပြမှု ရင်ဆိုင်ခဲ့ကြသည်။
ယခုမြေကွက်ရောင်းသည့်ဖြစ်စဉ်သည်လည်း စစ်ကောင်စီအခြေအနေမကောင်းတော့၍ ဘုန်းကြီးကပြည်ပသို့ထွက်ရန် သာသနာ့မြေများအား ရောင်းစားနေခြင်းဖြစ်သည်ဟု မြေကွက်အရောင်းတင်ထားသည့် ပို့စ်တွင် လူမှုကွန်ရက်သုံးစွဲသူအချို့ကမှတ်ချက်ပြုထားသည်။
“လေးစားသင့်တဲ့ပုဂ္ဂိုလ်ထဲမှာ အဘ မအလပြီးရင် အရှင်ဘုရားဒုတိယလိုက်ပါတယ်ဘုရား။ အဘကတိုင်းပြည်အလုံးလိုက်ရောင်းစားဖို့ကြိုးစားနေချိန်မှာ အရှင်ဘုရားကလည်း သာသနာ့နယ်မြေပါမကျန်ချရောင်းနေတာမြင်ရတော့ နိုင်ငံနဲ့သာသနာအတွက်တကယ့်အာဇာနည်တွေအဖြစ်ဦးတင်ပါတယ်ဘုရား”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။
အခြားပြည်သူတဦးကလည်း ” ကတုံးကြီးနဲ့ အရောင်းအဝယ်လုပ်နေတဲ့ အရှင်ဘုရားတို့ လုပ်ရပ်က ရှက်စရာ သိပ်ကောင်းလှတယ်။ ကာမဒါန ပြုလို့ရပါတယ်လို့ အလှူခံနေသလိုပဲ။ အရှင်ဘုရားတို့ တစ်သိုက် မရှက်ပေမယ့် တပည့်တော်တို့ မြတ်စွာဘုရား အဆုံးအမကို တန်ဖိုးထားတဲ့သူတွေအဖို့ ရှက်စရာ သိပ်ကောင်းလွန်းလှတယ်။ဝိနည်း သိက္ခာပုဒ်တွေကို အခြေခံ မသင်ခဲ့ရဘူးဆိုရင်လည်း အခုကတည်းသင်သင့်တယ်လို့ မြင်ပါတယ် ” ဟု ရေးသားထားသည်။
မြေကွက်အရောင်းတင့်သည့်ကိစ္စအား သဘာဝတရားရိပ်သာ ဘုန်းကြီးအား မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းခေါ်ဆို၍မရပေ။
