တစ်ပတ်အတွင်း ဘာအလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာကို အစီရင်ခံဖို့နဲ့ ပျက်ကွက်ရင် အလုပ်ထုတ် ခံရနိုင်တယ်ဆိုတဲ့ ရာဇသံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြံပေးဖြစ်သူ အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်းတွေဆီ ပေးပို့ခဲ့ပါတယ်။
အမေရိကန် ဖက်ဒရယ် အစိုးရ အမှုထမ်းတွေဆီကို လွန်ခဲ့တဲ့ တစ်ပတ်အတွင်း သူတို့ ဘာအလုပ်တွေ လုပ်ခဲ့သလဲဆိုတာကို တောင်းခံတဲ့ အီးမေးလ်တွေ ပေးပို့မှာဖြစ်ပြီး တုံ့ပြန်ဖို့ ပျက်ကွက်သူဟာ အလုပ်ပါ အထုတ်ခံရနိုင်တယ်လို့ ထရမ့်ရဲ့ မဟာမိတ်ဖြစ်ပြီး အစိုးရ အသုံးစရိတ် လျှော့ချရေး ဌာနအကြီးအကဲ တာဝန်ယူထားသူ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးက သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရေးသားထားခဲ့ပါတယ်။
ထရမ့်က အမေရိကန် အစိုးရရဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့အတွက် ပိုပြီး ထိရောက် ပြတ်သားတဲ့ နည်းလမ်းတွေ ကျင့်သုံးသင့်ကြောင်း ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ အစိုးရ ဝန်ထမ်းတွေဆီ အီးမေးလ်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။ မတ်စ်ခ်ဟာ အမေရိကန် အစိုးရ ဝန်ထမ်းတွေ အများအပြားကို အလုပ်ထုတ်ပယ် လျှော့ချတဲ့ အစီအမံတွေကိုလည်း ဦးဆောင်နေပါတယ်။
အမေရိကန်ရဲ့ လူပုဂ္ဂိုလ် စီမံခန့်ခွဲရေးရုံး (OPM)က ပေးပို့တဲ့ အီးမေးလ် တစ်စောင်ရဲ့ နမူနာကို AFP သတင်းဌာနက ရရှိခဲ့တဲ့ အခါမှာတော့ သက်ဆိုင်ရာ အစိုးရ ဝန်ထမ်းဟာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ဘာအလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာကို စာငါးကြောင်းလောက်နဲ့ ခွဲခြမ်းစိတ်ဖြာ ရှင်းပြပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ ပြီးတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညသန်းခေါင် နောက်ဆုံးထားပြီး အီးမေးလ် စာပြန်ဖို့လည်း အချိန်သတ်မှတ်ပေးထားခဲ့ပါတယ်။

Public Service Announcement
လူမှုကွန်ရက်မှာ မတ်စ်ခ်က သတိပေး ရေးသားထားသလိုမျိုး တကယ်လို့ အီးမေးလ်ကို အကြောင်းမပြန်ရင် အလုပ်ထုတ် ခံရမယ် ဆိုတာမျိုးတော့ အဲဒီ အကြောင်းကြားစာမှာ ဖော်ပြမထားခဲ့ပါဘူး။
OPMက အဲဒီကိစ္စနဲ့ ပတ်သက်လို့ AFP သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုကို မတုံ့ပြန်ခဲ့ပါဘူး။ မတ်စ်ခ်ကတော့ ကောင်းမွန်တဲ့ တုံ့ပြန်မှု အကြောင်းပြန်စာတွေ အများအပြားကို လက်ခံရရှိထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီထဲမှာ ရာထူးတိုးပေးဖို့ စဉ်းစားသင့်သူတွေကိုတောင် သတိထားမိကြောင်း Xမှာ ရေးသားထားခဲ့ပါတယ်။
မတ်စ်ခ်ဟာ သူတာဝန်ယူထားတဲ့ အလုပ်ကို ကောင်းကောင်းကြီး လုပ်နေကြောင်း၊ ဒါပေမဲ့ အဲဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်တာတွေကို မြင်ချင်ကြောင်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Truthမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက မှတ်ချက်ပြုထားခဲ့ပါသေးတယ်။ သူနဲ့မတ်စ်ခ်ဟာ တာဝန်ယူ ကယ်တင်ရမယ့် နိုင်ငံတစ်ခု ရှိနေတာကို မမေ့ကြဖို့လိုတယ်လို့လည်း ထရမ့်က ဆိုပါတယ်။
ထရမ့်ဟာ သူ့အစိုးရ လက်ထက်မှာ အသစ်ဖွဲ့စည်းခဲ့ပြီး အစိုးရ အသုံးစရိတ်တွေ လျှော့ချရေးကို ဦးဆောင် တာဝန်ယူမယ့် အစိုးရ လုပ်ငန်း ထိရောက်ရေး ဌာန (DOGE)မှာ မတ်စ်ခ်ကို အကြီးအကဲအဖြစ် ခန့်အပ်ထားခဲ့တာပါ။ အဲဒီ ဌာနရဲ့ ရည်ရွယ်ချက်ဟာ မလိုအပ်တဲ့ ဖြုန်းတီးမှုတွေနဲ့ အဂတိတွေကို တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ထားပါတယ်။
ကိုးကား: AFP
