ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး ယူကရိန်း ပိုင်နက်ထဲ NATO စစ်မဟာမိတ်တပ်တွေ ဖြန့်ကျက်ထားဖို့ ဘယ်လို သဘောတူညီမှုကိုမှ လက်ခံမှာ မဟုတ်ကြောင်း ရုရှားဖက်က သတိပေးခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး သဘောတူညီမှု တည်ဆောက်ဖို့အတွက် အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲ အပြီးမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အခုလို ပြောကြားခဲ့တာပါ။
ဒါဟာ တကယ်လို့ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိခဲ့ပြီးရင် ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံနိုင်စေဖို့ တပ်တွေ သွားရောက် ဖြန့်ကျက်ပေးထားသင့်ကြောင်း NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတချို့ရဲ့ စိတ်ကူးကို တိုက်ရိုက် ဆန့်ကျင်ခြင်းလည်း ဖြစ်ပါတယ်။
ယူကရိန်းမှာ တခြားနိုင်ငံတွေရဲ့ အလံအောက်က စစ်တပ်တချို့ ရောက်ရှိနေရုံနဲ့ အခြေအနေတွေ ဘာမှ ကွာခြားသွားမှာ မဟုတ်သလို ရုရှားကလည်း လုံးဝ လက်ခံမှာ မဟုတ်ကြောင်း လက်ဗ်ရော့ဗ်က ပြောကြားသွားပါတယ်။

Public Service Announcement
ဆော်ဒီက တွေ့ဆုံမှုမှာ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ တရားဝင် အစပြု ဆွေးနွေးဖို့ ကနဦး အခြေခံ မူတွေကို သဘောတူညီမှု ရရှိခဲ့ကြောင်း ရုရှားရော၊ အမေရိကန်ကပါ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲဆီ ယူကရိန်းနဲ့ ဥရောပ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။
အဲဒီအခြေအနေက အံ့ဩစရာ ဖြစ်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ယူကရိန်းရဲ့ တုံ့ပြန်မှုအပေါ် စိတ်ပျက်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ထရမ့်ဟာ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယူကရိန်းကို အသိမပေးဘဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီ တိုက်ရိုက် ဖုန်းခေါ်ခဲ့ပါသေးတယ်။
ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ စံအိမ်မှာ သတင်းထောက်တွေက လက်ရှိ အမေရိကန်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက ယူကရိန်းအတွက် သစ္စာဖောက် ခံရသလို ဖြစ်နိုင်သလားလို့ မေးမြန်းကြတဲ့အခါ ထရမ့်က ဆွေးနွေးပွဲမှာ နေရာတစ်ခု မရခဲ့လို့ ယူကရိန်းက စိတ်ပျက်နေတယ်ဆိုတာ သတင်းကြားမိကြောင်း၊ ဒါပေမဲ့ ယူကရိန်းဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အဲဒီ နေရာမျိုးကို ရနိုင်လျက်နဲ့၊ အခြေအနေတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လျက်နဲ့ ပျက်ကွက်ခဲ့တာသာ ဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။
သူက ဆော်ဒီမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး စစ်ရပ်ဆိုင်းရေး ကိစ္စကို ပိုပြီး ယုံကြည်ချက် ပြည့်ဝလာတယ်လို့လည်း ဆိုပါတယ်။ ရုရှားကလည်း တစ်ခုခုကို လုပ်ပြချင်နေကြောင်း၊ ရက်စက်ကြမ်းကြုတ်မှုတွေကို သူတို့ကလည်း အဆုံးသတ်ချင်နေကြောင်း၊ သူ့ဆီမှာ စစ်ပွဲကို ရပ်တန့်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ဆော်ဒီမှာ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံနေချိန် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဥရောပ နိုင်ငံခေါင်းဆောင်တွေကို ပါရီမြို့တော်ဆီ ဖိတ်ကြားပြီး အခုသီတင်းပတ် အစောပိုင်းတုန်းက ယူကရိန်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုမှာတော့ ဥရောပ နိုင်ငံတွေဟာ စစ်ပွဲ ရပ်ဆိုင်းချိန်ထိ ယူကရိန်းကို ဆက်လက် ကူညီနေဖို့ လက်ခံခဲ့ပေမယ့် အဲဒီနောက်ပိုင်း ယူကရိန်း ပိုင်နက်ထဲမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေ စေလွှတ်ဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲလို့ သိရပါတယ်။
ထရမ့်ကတော့ ဥရောပ နိုင်ငံတွေသာ အဲဒီကိစ္စကို တာဝန်ယူ လုပ်ဆောင်နိုင်မယ်ဆိုရင် သူကတော့ ဝမ်းမြောက်ဝမ်းသာ ထောက်ခံ ကြိုဆိုမယ်လို့ ပြောကြားသွားပါတယ်။
ကိုးကား: BBC
