ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကြား ပင်လယ်ပြင်မှာ တရုတ်ရေတပ်ရဲ့ စစ်ရေး လေ့ကျင်နေမှုကို နှစ်နိုင်ငံစလုံးက နိုးနိုးကြားကြား စောင့်ကြည့်နေကြပါတယ်။
တရုတ်ရေတပ် သင်္ဘော ၃ စီးဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက တက်စ်မန် ပင်လယ်ပြင်မှာ ရှိနေခဲ့ပြီး ခဲယမ်းမီးကျောက် အစစ်တွေကိုပါ အသုံးပြု ပစ်ခတ် လေ့ကျင့်နိုင်ခြေ ရှိတာကြောင့် အဲဒီ ရေပြင် ပတ်ဝန်းကျင်ကို ရှောင်ရှား ပျံသန်းကြဖို့ လေယာဉ်တွေကိုလည်း ဩစတြေးလျနဲ့ နယူးဇီလန် အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ဩစတြေးလျ လေကြောင်းလိုင်းက အခု သီတင်းပတ်ကုန်မှာ လေယာဉ်တွေ ပျံသန်းမှု လမ်းကြောင်းကို ယာယီ ပြင်ဆင် ပြောင်းလဲစေခဲ့သလို တခြားလေကြောင်းလိုင်းတွေလည်း အလားတူ လုပ်ဆောင်ကြတယ်လို့ နားလည်ထားကြောင်း ပြောပါတယ်။
ဩစတြေးလျ အစိုးရက တက်စ်မန် ပင်လယ်ပြင်မှာ တရုတ် ရေတပ် စစ်ရေးလေ့ကျင့်တယ် ဆိုတာဟာ ပုံမှန်ကြုံနေကျ အခြေအနေမျိုး မဟုတ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။ လောလောဆယ်မှာတော့ တရုတ် သင်္ဘော ၃ စီးဟာ ဩစတြေးလျရဲ့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ကမ်းရိုးတန်း အရှေ့ဖက် ရေမိုင် ၃၄၀ လောက် အကွာမှာ ရှိနေပေမယ့် တစ်ကြိမ်မှာတော့ ဆစ်ဒနီမြို့ကနေ ရေမိုင် ၁၅၀ လောက် အကွာထိ ရောက်ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဖရီးဂိတ် တိုက်ရေယာဉ် တစ်စီး၊ ခရူဆာ စစ်သင်္ဘောကြီး တစ်စီးနဲ့ ဆီတင်ယာဉ် တစ်စီးဟာ တက်စ်မန် ပင်လယ်ထဲမှာ စစ်ရေး လေ့ကျင့်နေတာပါ။ ဩစတြေးလျနဲ့ နယူးဇီလန်တို့ဟာ ရေတပ် သင်္ဘောတွေ အသီးသီး စေလွှတ်ပြီး အဲဒီ တရုတ် ရေယာဉ် အုပ်စုကို စောင့်ကြည့်နေပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး ဂျူဒစ်သ် ကောလင်းစ်က တရုတ်ဟာ ဒေသတွင်းကို ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြိုတင် အသိပေး အကြောင်းကြားခဲ့မှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီး ရစ်ချတ် မာလက်စ်ကတော့ တရုတ် ရေတပ် သင်္ဘောတွေ ရောက်လာတာဟာ မကြုံစဖူး ထူးဆန်းနေတာမျိုး မဟုတ်ပေမယ့် သမားရိုးကျ ကိစ္စမျိုးလည်း မဟုတ်ကြောင်း ပြောပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နိုင်ငံရဲ့ အဝေး တစ်နေရာမှာ ရေတပ် သင်္ဘောတွေ စစ်ရေး လေ့ကျင့်နေတယ် ဆိုတာကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုဟာ လုံခြုံရေး စံနှုန်း၊ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ ပရော်ဖက်ရှင်နယ် ပီပီသသ ဆောင်ရွက်နေတာလို့လည်း တရုတ်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရုတ် ရေတပ်ဖွဲ့ဟာ ခဲယမ်းမီးကျောက် အစစ်တွေ အသုံးပြု ပစ်ခတ်တာတွေ ပါဝင်နိုင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နိုင်ခြေ သတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က ပြောကြားခဲ့ပါတယ်။ တရုတ် ရေတပ်ဟာ နိုင်ငံတကာ ဥပဒေ သတ်မှတ်ချက် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှုမျိုးကို နိုင်ငံတကာ ရေပိုင်နက်ထဲမှာ လုပ်ဆောင်နေကြောင်း၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကို ထိပါး ခြိမ်းခြောက်တဲ့ အခြေအနေ မရှိကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
ဩစတြေးလျနဲ့ တရုတ်တို့ဟာ ရေကြောင်းသွားလာမှု ကဏ္ဍမှာ တင်းမာတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေတဲ့ ပွတ်တိုက်မှုမျိုးတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ကြုံတွေ့ခဲ့ပါတယ်။ အခုလဆန်းပိုင်းတုန်းက တောင်တရုတ် ပင်လယ်ပြင်မှာ ဩစတြေးလျ စစ်လေယာဉ် တစ်စီးရဲ့ ရှေ့ကနေ တရုတ် တိုက်လေယာဉ်က မီးကျည်တွေ ရည်ရွယ်ချက်ရှိရှိ ကြဲချပြီး အနှောင့်အယှက် ပေးခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီ ဩစတြေးလျ လေယာဉ်ဟာ တရုတ် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာလို့ အချက်ပြ သတိပေးခဲ့တာလို့ ပြောပါတယ်။ တောင်တရုတ်ပင်လယ်ဟာ တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ နေရာပါ။
မနှစ်က မေလတုန်းကလည်း တရုတ် တိုက်လေယာဉ် တစ်စီးဟာ ပင်လယ်ဝါ ရေပြင်ထက်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မစ်ရှင်အတွက် ပျံသန်းနေတဲ့ ဩစတြေးလျ ရေတပ် ရဟတ်ယာဉ် ရှေ့ကနေ မီးကျည်တွေ ကြဲချခဲ့တယ်လို့ ဩစတြေးလျက စွပ်စွဲခဲ့ပါတယ်။ အလားတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း တရုတ်ရေတပ်ဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ လေဆာရောင်ခြည် အလင်းတန်းနဲ့ ထိုးပြီး အနှောင့်အယှက်ပေးလို့ ဩစတြေးလျ ရေတပ် ရေငုပ်သမားတွေ အခက်ကြုံခဲ့ကြောင်း ဩစတြေးလျက ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC
