ဂျာမနီ ရွေးကောက်ပွဲရဲ့ ကနဦး မဲရလဒ်တွေအရ ကွန်ဆာဗေးတစ် အင်အားစု (CDU/CSU)က အနိုင်ရဖို့ ကျိန်းသေနေပြီး ဖရိုင်းဒရစ်ချ် မားဇ်ဟာ နိုင်ငံရဲ့ အဓိပတိသစ် ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ မဲရလဒ်တွေအရ သူ့ရဲ့ ပါတီဟာ ရွေးကောက်ခံ အမတ်နေရာ ၂၀၈ ခုနဲ့ လွှတ်တော်ရဲ့ ၂၈.၅ ရာခိုင်နှုန်းကို ထိန်းချုပ်ဖို့ သေချာနေပြီးတဲ့နောက် မားဇ်က ညပိုင်းမှာတော့ အောင်ပွဲခံရမှာ ဖြစ်စေမယ့် နောက်တစ်နေ့ မနက်မှာ လုပ်စရာ ကိစ္စတွေ အရမ်းများလာတော့မယ်လို့ ထောက်ခံသူကို ပြောကြားခဲ့ပါတယ်။
နိုင်ငံကို ဦးဆောင်ရတဲ့ အခါမှာ ယူရမယ့် တာဝန်တွေလည်း များလာလိမ့်မယ်လို့ သူက ဆိုပါတယ်။ သူ့ရဲ့ ပါတီဟာ လွှတ်တော် အမတ်နေရာ ၃၀ ရာခိုင်နှုန်းအထက် ရရှိမယ်လို့ ထင်ကြေးပေး စောင့်ကြည့် ခံရပေမယ့် အဲဒီ အနေအထားထိတော့ မရောက်ခဲ့ပါဘူး။
ရွေးကောက်ပွဲမှာ နောက်ထပ် အခြေအနေ ကောင်းခဲ့တာကတော့ လက်ယာစွန်း အင်အားစုဖြစ်တဲ့ ဂျာမနီ ပြုပြင်ပြောင်းလဲရေး ပါတီ (AfD)ဖြစ်ပြီး လွှတ်တော် ခွဲတမ်း ၂၀.၇ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမတ်နေရာ ၁၅၁ ခုကို ရရှိခဲ့ပါတယ်။ AfDရဲ့ ခေါင်းဆောင် အဲလစ် ဝီလ်ဒါက ရလဒ်ကို ကျေနပ်တယ်လို့ ပြောခဲ့ပေမယ့် ပါတီထဲမှာတော့ အဲဒီထက် ပိုကောင်းတဲ့ အခြေအနေကို မျှော်လင့်ထားခဲ့ဟန်ရှိပြီး ပါတီ ဌာနချုပ်မှာ အောင်ပွဲခံနေတာမျိုး မတွေ့ခဲ့ရပါဘူး။

Public Service Announcement
ဝီလ်ဒါကတော့ မားဇ်ရဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေဟာ တခြားနိုင်ငံရေး မိတ်ဖက်တွေကို လိုက်လံစည်းရုံးပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့မယ် ဆိုရင်တောင် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပြိုကွဲသွားနိုင်တယ်လို့ ပြောပါတယ်။ ဂျာမနီ ပြည်သူတွေဟာ အပြောင်းအလဲအတွက် မဲပေးခဲ့ကြကြောင်း၊ ဂျာမနီဟာ နောက်ထပ် ၄ နှစ် စောင့်စရာ မလိုဘဲ ရွေးကောက်ပွဲ မြန်မြန် ပြန်ကျင်းပရတာမျိုး ဖြစ်လာနိုင်ကြောင်း သူက ဆိုပါတယ်။ ဝီလ်ဒါရဲ့ လက်ယာစွန်း အင်အားစုတွေ အတွက်တော့ ရွေးကောက်ပွဲ အနိုင်ရပါတီ မဖြစ်ခဲ့ပေမယ့်လည်း စံချိန်တင် မဲရလဒ်မျိုး ပိုင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ရဲ့ ဆိုရှယ်ဒီမိုကရက် SPD ပါတီကတော့ အမတ်နေရာ ၁၂၁ ခုသာ အနိုင်ရခဲ့ပြီး ခွဲတမ်း ၁၆.၅ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။ ရှော့ဇ်ဦးဆောင်တဲ့ သုံးပါတီ ညွန့်ပေါင်း အစိုးရဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြိုကွဲသွားပြီးတဲ့နောက် ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖြစ်ခဲ့တာပါ။
မဲဆွယ် စည်းရုံးမှုတွေ အတောအတွင်းမှာ မားဇ်က သူ့ရဲ့ ပါတီဟာ နောက်ထပ် မိတ်ဖက် တစ်ခုတည်းနဲ့ ပူးပေါင်းပြီး အားကောင်းတဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေးအတွက် လူထု ထောက်ခံမဲတွေ ပိုမို လိုအပ်ကြောင်း တောင်းဆိုခဲ့ပါတယ်။ ဒါမှသာ လာမယ့် ၄ နှစ်အတွင်းမှာ လက်ရှိ ဂျာမနီ ကြုံနေတဲ့ စီးပွားရေး အကျပ်အတည်းတွေ၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
အခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၈၃ ရာခိုင်နှုန်းထိ မဲရုံတွေဆီ လာရောက်ခဲ့ကြပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ်မှာ အရှေ့နဲ့အနောက် ဂျာမနီ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းပြီးနောက်ပိုင်း မကြုံဖူးတဲ့ အခြေအနေ ဖြစ်ပါတယ်။
မားဇ်ဟာ AfDနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမှာ မဟုတ်ကြောင်း ယတိပြတ် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဂျာမနီရဲ့ အထင်ကရ နိုင်ငံရေး ပါတီတွေဟာ လက်ယာစွန်း အင်အားစုတွေနဲ့ ပေါင်းစည်းတာမျိုးကို သတိကြီးကြီး ရှောင်ကြဉ်ကြတာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မားဇ်ရဲ့ အဓိက မဟာမိတ် ဖြစ်လာနိုင်ပြီး ရှော့ဇ်ဦးဆောင်တဲ့ SPD ပါတီက ထင်သလောက် အခြေအနေ မကောင်းခဲ့ပြန်ပါဘူး။
SPDရဲ့ အကြီးအကဲဖြစ်ပြီး ရာထူးက ဆင်းပေးရတော့မယ့် ဂျာမနီ အဓိပတိ ရှော့ဇ်ကတော့ ရွေးကောက်ပွဲ ရလဒ်ဟာ ပါတီအတွက် ခါးသီးတဲ့ အရှုံးတစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ တကယ်လို့ နောက်ထပ် ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့ ဆွေးနွေးမှုတွေ ရှိလာရင်လည်း သူက ပါဝင်ပတ်သက်တော့မှာ မဟုတ်ဘူးလို့ ရှော့ဇ်က ဆိုပါတယ်။
ဂျာမနီဟာ ပါတီသုံးခု ပူးပေါင်းရပ်တည်တဲ့ ညွန့်ပေါင်း အစိုးရနဲ့ လောလောလတ်လတ် ဖြတ်သန်းမှုမှာတော့ အခြေမလှခဲ့ဘဲ သဘောထား ကွဲလွဲမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဂျာမနီ အဓိပတိသစ် ဖြစ်လာနိုင်မယ့် မားဇ်အတွက် နောက်ထပ် ရွေးချယ်စရာ မိတ်ဖက်ကတော့ လွှတ်တော် အမတ်နေရာ ၁၁.၇ ရာခိုင်နှုန်း ခွဲတမ်း ရရှိထားတဲ့ ဂရင်းပါတီ ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: Guardian
