ပြည်တွင်းစစ်ဒဏ်ခံ ဆီးရီးယား နိုင်ငံဟာ အရင်က စီးပွားရေး အခြေအနေမျိုးဆီ ပြန်လည် ရောက်ရှိနိုင်ဖို့ ရာစုနှစ် တစ်ဝက်စာလောက် အချိန်ယူရနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)က ဖေဖော်ဝါရီ ၂၁ ရက်နေ့ အစီရင်ခံစာထဲမှာတော့ ပြည်တွင်းစစ်ဒဏ်ကို ၁၄ နှစ်ကြာ သက်ရောက် ခံစားခဲ့ရခြင်းက ဆီးရီးယားရဲ့ နှစ်ပေါင်း ၄၀ လောက် အချိန်ယူ တည်ဆောက်ခဲ့ဖူးတဲ့ စီးပွားရေး ထောက်တိုင်တွေကို ပြိုလဲစေခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ဆီးရီးယားဟာ လက်ရှိ တိုးတက်မှု နှုန်းအတိုင်းပဲ ဆက်သွားနေမယ် ဆိုရင်တော့ နိုင်ငံရဲ့ GDPဟာ ပဋိပက္ခတွေ မစတင်ခင် အခြေအနေမျိုးဆီ ပြန်လည် ရောက်ရှိဖို့ဟာ ၂၀၈၀ ပြည့်နှစ် မတိုင်ခင် မဖြစ်နိုင်ဘူးလို့ UNDPက ပြောပါတယ်။
အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြုတ်ကျခြင်းနဲ့အတူ ဆီးရီးယား ပြည်တွင်းစစ် ပြီးဆုံးခဲ့တဲ့နောက် နိုင်ငံစီးပွားရေး နာလန်ပြန်ထူနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း လိုအပ်တယ်လို့လည်း UNDPက ထောက်ပြထားခဲ့ပါတယ်။

Public Service Announcement
စစ်ပွဲကြောင့် ဆီးရီးယားရဲ့ အခြေခံ အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ စစ်ပွဲ စခဲ့ချိန် ကတည်းက အာဆတ် ဦးဆောင်တဲ့ အစိုးရအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။
USDPရဲ့ ‘ပဋိပက္ခဒဏ်သင့် ဆီးရီးယား’ဆိုတဲ့ အစီရင်ခံစာမှာတော့ အခုအခါ ဆီးရီးယား နိုင်ငံသားတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲနွမ်းပါးမှု အဆင့်သတ်မှတ်ချက်ထဲ ကျရောက်နေပြီး ၂၅ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ ပြီးတော့ စစ်ပွဲ မစခင် ၂၀၁၁ ခုနှစ်နဲ့ ယှဉ်ရင် နိုင်ငံရဲ့ လက်ရှိ GDPဟာ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီလို့လည်း သိရပါတယ်။
လက်ရှိမှာ တော်လှန်ရေး ညွန့်ပေါင်း အစိုးရ အုပ်ချုပ်မှုအောက် ရောက်ရှိနေတဲ့ ဆီးရီးယားဟာ စီးပွားရေး အကျပ်အတည်းကနေ ရုန်းထဖို့အတွက် အခြေခံ အကျဆုံးအဖြစ် အလုပ်အကိုင် နေရာသစ်တွေ ဖန်တီးဖို့၊ စိုက်ပျိုးရေး ကဏ္ဍကို ပြန်လည် အားဖြည့် ထူထောင်ဖို့၊ အခြေခံ အဆောက်အအုံတွေ ပြင်ဆင်မွမ်းမံဖို့ လိုအပ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ စွမ်းအင် ဖြန့်ဖြူးရေး ကဏ္ဍတွေဟာလည်း အဓွန့်ရှည် တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု အနာဂတ်တွေအတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေလို့ အစီရင်ခံစာက ထောက်ပြထားခဲ့ပါတယ်။
ကိုးကား: News Arab
