close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မအေးကြွယ် စျေးမရောင်းတော့ပါ

နေ့လယ် ၁၂ နာရီကျော်သွားပေမဲ့ မန္တလေး၊ ရတနာပုံတံတားထိပ် နှာပေါက်လို့ခေါ်ကြတဲ့နေရာက စစ်ကောင်စီရဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ကတော့ ထမင်းစားနားကြမယ့်ပုံ မပေါ်သေးဘူး။ အဲဒီနှာပေါက်မရောက်ခင် စစ်ကိုင်း-မန္တလေးလမ်းဘေးတနေရာမှာတော့ တောင်းကြီးတောင်းငယ်အသွယ်သွယ်တင်ဆောင်ထားတဲ့ ဆိုင်ကယ်လေးတွေဟာ ရပ်တန့်ထားတယ်။ ဘေးနားမှာတော့ နှာပေါက်ဘက်လှမ်းကြည့်ရင်း သက်ပြင်းချသူချ၊ မှိုင်သူမှိုင်နဲ့။ အဲဒီအဖွဲ့ထဲမှာ အသက် ၃၅ နှစ်အရွယ် စျေးသည်မအေးကြွယ်(အမည်လွှဲ)လည်း ပါပါတယ်။

ဆိုင်ကယ်တွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်ကောင်စီအုပ်စုကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

Scorpio/People’s Spring

နေ့လယ် ၁၂ နာရီကျော်သွားပေမဲ့ မန္တလေး၊ ရတနာပုံတံတားထိပ် နှာပေါက်လို့ခေါ်ကြတဲ့နေရာက စစ်ကောင်စီရဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ကတော့ ထမင်းစားနားကြမယ့်ပုံ မပေါ်သေးဘူး။ အဲဒီနှာပေါက်မရောက်ခင် စစ်ကိုင်း-မန္တလေးလမ်းဘေးတနေရာမှာတော့ တောင်းကြီးတောင်းငယ်အသွယ်သွယ်တင်ဆောင်ထားတဲ့ ဆိုင်ကယ်လေးတွေဟာ ရပ်တန့်ထားတယ်။ ဘေးနားမှာတော့ နှာပေါက်ဘက်လှမ်းကြည့်ရင်း သက်ပြင်းချသူချ၊ မှိုင်သူမှိုင်နဲ့။ အဲဒီအဖွဲ့ထဲမှာ အသက် ၃၅ နှစ်အရွယ် စျေးသည်မအေးကြွယ်(အမည်လွှဲ)လည်း ပါပါတယ်။

မအေးကြွယ်ဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာက စျေးသည်လေးတယောက်ပါ။ မနက်ဆို စောစောထ၊ မန္တလေး ၄၁လမ်းစျေးကို စျေးလာဝယ်ပြီး စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို စျေးလိုက်ရောင်းရင်း ဝမ်းစာရှာနေသူပါ။

စစ်ကိုင်းတံတားလို့ခေါ်ကြတဲ့ ရတနာပုံတံတား မန္တလေးဘက်ခြမ်းက နှာပေါက်မှာ စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးအဖွဲ့က ယာဉ်တွေကို မကြာခဏ စစ်ဆေးလေ့ရှိတာမို့ မအေးကြွယ်ဟာ စောစောသွားပြီး သူတို့မရောက်ခင် စစ်ကိုင်းကို အရောက်ပြန်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီနေ့ကတော့ နည်းနည်းလေးနောက်ကျသွားလို့ နှာပေါက်ရောက်တဲ့အချိန် စစ်ဆေးရေးအဖွဲ့ရှိနေလို့ ခဏစောင့်ခဲ့ရတာပါ။ အဲဒီနေ့အတွက်တော့ သူ့မှာစျေးရောင်းချိန်မရှိတော့ပါဘူး။ စစ်ဆေးရေးအဖွဲ့တွေ ထမင်းစားနားသွားမှသာ သူစစ်ကိုင်းဘက် ပြန်လို့ရမှာပါ။ သူ့လို စစ်ကိုင်းတင်မက တံတားဦးဘက် ပြန်ကြမယ့် စျေးသည်တွေ၊ အလုပ်သမားတွေလည်း လမ်းမှာတင်ပိတ်မိနေကြတယ်။

Public Service Announcement

Public Service Announcement

မအေးကြွယ်တို့ဟာ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင်အပြည့်အစုံပါပေမဲ့ အကြောင်းအမျိုးမျိုးပြ ရစ်တတ် ငွေတောင်းတတ်တဲ့ စစ်ကောင်စီအုပ်စုတွေကို ကြောက်ပြီး ရပ်တန့်စောင့်ဆိုင်းနေရတာပါ။

စစ်ကိုင်းတံတားနားတင်မကဘဲ မန္တလေးတမြို့လုံးက နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးငွေညှစ်နေတဲ့အတွက် မြို့ခံတွေအပြင် နယ်ဝေးကလာတဲ့ မအေးကြွယ်တို့လို စျေးသည်တွေ၊ လက်လုပ်လက်စား အခြေခံအလုပ်သမားဝန်ထမ်းလေးတွေ ဒုက္ခရောက်နေကြပါတယ်။

မန္တလေးအခြေစိုက် မြေပြင်ကင်းထောက်အဖွဲ့တွေဖြစ်တဲ့ MDY Revolution နဲ့ Voice Of Mandalay အဖွဲ့တွေရဲ့ သတင်းပေးချက်အရ စစ်ကောင်စီရဲ့ယာဥ်စစ်ဆေးရေးအဖွဲ့တွေဟာ တစ်ရက်ကို မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ပိုင်းခွဲပြီး တစ်ပိုင်းကို နေရာဆယ်နေရာထက်မနည်း လှည့်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့ဟာ ဆိုင်ကယ်သမားတွေကို ယာဉ်လိုင်စင်၊ လူလိုင်စင်အပြင် ဖုန်းတွေကိုပါ စစ်ဆေးပြီး ငွေကျပ်သိန်းချီအထိ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လိုင်စင်သက်တမ်းလွန်တာကို ၂ သိန်းတောင်းတယ်။ အလွန်ဆုံး ၃ သောင်းကျရမှာကို ၃ သိန်းအထိတောင်းတာ။ သူတို့ခေါင်းဆောင်နဲ့ပြောမှ ၃ သောင်းနဲ့ပြီးသွားတာ။”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ဆေးရေးအဖွဲ့ဟာ ဝန်ထမ်းတွေ၊ စျေးသည်တွေ အလုပ်သွားချိန်၊ စျေးသွားချိန် မနက် ၈ နာရီလောက်ကတည်းက ဝိရိယကောင်းကောင်းနဲ့ မြို့သစ်ပိုင်းတွေမှာ ဖမ်းနေပါပြီ။ ညနေဆိုလည်း အလုပ်သမားတွေ အလုပ်ပြန်ချိန်အထိ ဇွဲနပဲနဲ့ စောင့်ဖမ်းတတ်တယ်။

ဒါ့အပြင် မလာမဖြစ်လာကြမယ့် စျေးလိုနေရာမျိုးတွေ၊ အချက်အချာကြတဲ့နေရာမျိုးတွေကနေ စောင့်ဆိုင်းဖမ်းဆီးနေတယ်။

အဲဒီလို စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် စျေးဝယ်တွေပါ မလာရဲတော့ဘဲ ရောင်းအားတွေ သိသိသာသာ ကျဆင်းသွားတဲ့အကြောင်း စျေးသည်တွေနဲ့ ဆိုင်ရှင်တချို့က ပြောပါတယ်။

“သူတို့က တနေကုန်စောင့်ဖမ်းနေတော့ ဘယ်သူမှ မလာရဲကြတော့ ရောင်းအားက သိသိသာသာကိုကျတာ။”လို့ မန္တလေးစျေးချိုအနီး ၈၄ လမ်းပေါ်က လူသုံးကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ရှင်တဦးက ပြောပါတယ်။

မန္တလေးတဝိုက် အဓိကကျတဲ့ ကုန်စိမ်းစျေးကြီးတစ်ခုဖြစ်တဲ့ ၄၁ လမ်းကုန်စိမ်းစျေးကိုလာတဲ့ ကုန်စိမ်းတင်ယာဥ်တွေကိုလည်း စစ်ကောင်စီစစ်ဆေးရေးအဖွဲ့တွေ၊ ဂိတ်တွေက ငွေတအားညှစ်တာကြောင့် ကုန်စိမ်းကားတွေ သိပ်မဝင်ဘူးလို့ စျေးသည်တွေက ပြောတယ်။

“ကုန်စိမ်းကားတစ်စီး သိန်းချီတောင်းတာ။ ဘယ်သူမှမလာကြတော့ဘူး။”လို့ ကုန်စိမ်းသည်အမျိုးသမီးတဦးက ပြောပါတယ်။

စျေးသည်တွေတင်မကပါဘူး။ စျေးအနီးမှာပါ လာဖမ်းနေလို့ စျေးဝယ်တွေကလည်း မလာရဲကြတော့ဘူးလို့ မန္တလေးပြည်ကြီးတံခွန်မြို့နယ်က ဒေသခံအချို့က ပြောပါတယ်။

“တံခွန်တိုင်စျေးပေါက်ကနေ လာစောင့်ဖမ်းတာ။ ဘယ်စျေးဝယ်မှကိုမလာရဲ​လို့ စျေးထဲခြောက်ကပ်သွားတာပဲ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ချမ်းမြသာစည်မြို့နယ်က မြို့ဟောင်းစျေးမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စျေးထိပ်အထိ လာဖမ်းလေ့ရှိတာကြောင့် စျေးဝယ်တွေမလာရဲတော့ဘဲ ရောင်းအားတွေကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဆောင်းတွင်း သီးနှံပေါတဲ့ကာလဖြစ်ပေမဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်စျေးတွေက ထင်သလောက် ကျမလာဘူးလို့ မန္တလေးမြို့ခံ အိမ်ရှင်မတွေက ပြောပါတယ်။

အဲဒီလို စစ်ဆေးငွေညှစ်နေတဲ့ စစ်ကောင်စီအုပ်စုတွေကို တော်လှန်ရေးအဖွဲ့တွေကလည်း မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ရက်ညနေပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းကြားမှာ ယာဥ်တွေကို စစ်ဆေးငွေညှစ်နေတဲ့ စစ်အုပ်စုထဲက ယာဥ်ထိန်းရဲမေတစ်ဦး အနီးကပ်ပစ်ခတ်ခံရလို့ ရင်ညွှန့်ကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

၂၀၂၃ ဇူလိုင်လတုန်းကလည်း ၆၂လမ်းနဲ့၂၆ လမ်းထောင့်မှာ ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ယာဥ်စစ်ဆေးရေးအဖွဲ့တွေ ယာဥ်ထိန်းရုံးတွေလည်း ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံရဖူးတယ်။ သို့ပေမဲ့ စစ်အုပ်စုဟာ ဖမ်းမြဲ ဖမ်းဆဲပါပဲ။

စစ်ကိုင်းကစျေးသည်လေး မအေးကြွယ်ကတော့ ဒီဒုက္ခတွေ မခံနိုင်တော့လို့ စျေးရောင်းတဲ့အလုပ်ကို ရပ်လိုက်ရပြီလို့ ပြောပြတယ်။ တရက်တရက် နဖူးကချွေး ခြေမ ကျသည်အထိ လုပ်ကိုင်နေရပေမဲ့ အမျိုးမျိုးရစ်ပြီး ငွေတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့တွေကြောင့် စျေးဆက်မရောင်းတော့တာလို့ မအေးကြွယ်က ပြောပြတယ်။ သူ့လိုပဲ နားလိုက်ရတဲ့ စျေးသည်တွေလည်း အများကြီးရှိတယ်လို့ သူကဆိုတယ်။ “ဘာလုပ်စားရမှန်းကို မသိတော့ဘူး။”လို့ မအေးကြွယ်က စိတ်မသက်မသာနဲ့ ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

အသက်၂၇အရွယ်ကိုတင်ရီ(အမည်လွဲ)တယောက်ကြောက်ရွံ့တုန်ရီ​နေပါတယ်။ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ဖက်ကြမ်း ဆေးပေါ့လိပ်တိုကို တွင်တွင်ဖွာနေပါတယ်။ ဆေးလိပ်မီးခိုးများကို ခပ်​ဝေး​ဝေး​ရောက်​အောင်အကြိမ်ကြိမ်မှုတ်ထုတ်ရင်း သူရဲ့ ကြောက်လန့်စိတ် သက်သာအောင် ကြိုးစား​နေပါတယ်။

သတင်း

ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။