close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအရေး ပြင်သစ်မှာ ဥရောပ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး၊ ယူကရိန်းကို ဥရောပက ဆက်ကူညီနေမယ်လို့ ပြင်သစ်သမ္မတပြော

ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက် ရှိစေပြီး ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ရရှိအောင် ဥရောပ နိုင်ငံတွေက စုပေါင်း လုပ်ဆောင်သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဆီ အသိပေး ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက် ရှိစေပြီး ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ရရှိအောင် ဥရောပ နိုင်ငံတွေက စုပေါင်း လုပ်ဆောင်သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဆီ အသိပေး ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဥရောပ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ စုပေါင်းတွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ဆီ ဖုန်းဆက် စကားပြောခဲ့တယ်လို့ မာခရွန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေ အနေနဲ့ ယူကရိန်းအတွက် ခိုင်မာပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးမျိုး ရရှိအောင် ကူညီ ဖြည့်စွမ်းဖို့ ဖြစ်တယ်လို့ မာခရွန်က ဆိုပါတယ်။ အဲဒီ ရည်ရွယ်ချက် အထမြောက်ဖို့အတွက် ရုရှားဖက်က ရန်လိုမှုတွေကို ရပ်တန့်ရမှာ ဖြစ်သလို ယူကရိန်းအတွက် ယုံကြည် အားထားထိုက်တဲ့၊ အားကောင်းတဲ့ လုံခြုံရေး အာမခံချက်မျိုး ထောက်ပံ့နိုင်ဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်ဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီ တိုက်ရိုက် ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲအဖြစ် အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံကြတဲ့ အခြေအနေမှာလည်း ယူကရိန်းကိုရော၊ ဥရောပ နိုင်ငံတွေကိုပါ ဖယ်ကြဉ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း ပြင်သစ်က ဦးဆောင်ပြီး ဥရောပ နိုင်ငံတွေဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်မလဲ ဆိုတာကို ပါရီမှာ အရေးပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ တိကျပြတ်သားတဲ့ ဘုံသဘောတူညီချက်တွေ ထွက်ပေါ်မလာခဲ့ပေမယ့်လည်း ဥရောပ နိုင်ငံတွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေး ရရှိတဲ့အထိ အထောက်အပံ့တွေ ဆက်လက် ပေးအပ်နေဖို့၊ နိုင်ငံအသီးသီးရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် တည်ဆောက်ကြဖို့ လက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲ ရပ်တန့်သွားပြီးရင်တောင် နောက်ဆက်တွဲ ရုရှားရဲ့ ရန်လို ကျူးကျော်မှုတွေ ဖြစ်လာနိုင်ခြေကို တားဆီးဖို့ ယူကရိန်းမှာ ဥရောပ နိုင်ငံတွေရဲ့ တပ်တွေ ဖြန့်ကျက် အခြေစိုက်သင့်တယ်ဆိုတဲ့ အယူအဆမျိုးမှာတော့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေဆဲပါ။

ဥရောပ မဟာမိတ်တွေကို ကျော်လွန်ပြီး ရုရှားနဲ့ တိုက်ရိုက် ချိတ်ဆက် ဆွေးနွေးခဲ့တဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ လုံခြုံရေး ကဏ္ဍအတွက် အမေရိကန်အပေါ် ကြီးကြီးမားမား မှီခိုထားရတဲ့ ဥရောပအတွက် တပ်လှန့် သတိပေးမှုတစ်ခု ဖြစ်လာပါတယ်။

မာခရွန်ကတော့ ယူကရိန်းအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ဆိုရင် အမေရိကန်၊ ဥရောပနဲ့ ယူကရိန်းတို့ အားလုံး စုစုစည်းစည်း အလုပ်လုပ်ဖို့က အဓိကကျကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လက်ရှိရော၊ အနာဂတ်မှာပါ ပိုမို ရင်းနှီးမြှုပ်နှံဖို့၊ ပိုမိုစုပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီ ဆိုတာကို လက်ခံခဲ့ကြကြောင်းလည်း မာခရွန်က ဆိုပါတယ်။

ယူကရိန်းကို ထောက်ပံ့ရေးနဲ့ နိုင်ငံတွေရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို အသီးသီး မြှင့်တင်ရေး ဆိုတာတွေဟာ ၂၀၂၂ ခုနှစ်၊ ဗာဆေးလ် ထိပ်သီး ညီလာခံမှာ ကတည်းက မူအားဖြင့် သဘောတူထားပြီးသား ကိစ္စတွေဖြစ်ပြီး လက်တွေ့ ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့တော့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တူရကီကို အစိုးရ ခရီးစဉ် တစ်ခုအဖြစ် ရောက်ရှိနေသူ ယူကရိန်း သမ္မတ ဇီလန်စကီးက ပါရီက ဥရောပ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံတဲ့ ညီလာခံအပြီး သူနဲ့ မာခရွန် ဖုန်းပြောဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ပေမယ့် အဲဒီ ဆွေးနွေးပွဲမှာ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ကူညီဖို့ လက်ခံခဲ့ကြသလို နိုင်ငံတချို့က ယူကရိန်း အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မပါတဲ့ ယာယီ အပစ်အခတ် ရပ်စဲရေး ကိစ္စမျိုးကို လက်မခံသင့်ဘူးလို့ ကြိုကြိုတင်တင် သတိပေးခဲ့ကြကြောင်းလည်း သိရပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး ယူကရိန်း ပိုင်နက်ထဲ NATO စစ်မဟာမိတ်တပ်တွေ ဖြန့်ကျက်ထားဖို့ ဘယ်လို သဘောတူညီမှုကိုမှ လက်ခံမှာ မဟုတ်ကြောင်း ရုရှားဖက်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးကြမယ့် အစီအစဉ်မှာ ယူကရိန်း အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေဆီက ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာနိုင်ခြေကနေ ကာကွယ်ထားရာ အုပ်ဆောင်းမိုး အကာကို ရုရှားက ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားတပ်တွေကို ကူညီပေးပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေထဲက အတော်များများ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။