Scorpio/People’s Spring
အာဏာသိမ်းကာလအတွင်း မကြာခဏ ဓါးပြတိုက်ခံနေရတဲ့၊ သဒ္ဓါထက်သန် မြန်မာ့အားမာန်လို့ ဆောင်ပုဒ်လက်ကိုင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဓါးပြတိုက်ခံလိုက်ရပြန်ပါတယ်။
ဒီတခါအလှည့်ကျ ဘဏ်ကတော့ ပြီးခဲ့တဲ့ တစ်လကျော် ဇန်နဝါရီ ၁၁ ရက်ကမှ ဓါးပြတိုက်ခံရပြီးဖြစ်တဲ့ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ရဲ့ ဗောဓိကုန်းဘဏ်ခွဲပါ။ မနေ့ နေ့လယ် ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
ဓါးပြဆိုလို့ လက်နက်ကိုင် လူလေးငါးယောက် ဘဏ်ထဲဝင်လာပြီး ပစ်ဟယ်ဆီးဟယ်နဲ့ ဝင်တိုက်သလားလို့ စာဖတ်သူမြင်မိလိမ့်မယ်။ မဟုတ်ပါဘူး။ ဂျင်းဘောင်းဘီနဲ့ အနွေးထည်နဲ့ Mask တပ်ထားတဲ့ လူတစ်ယောက်တည်းကပဲ ဓားပြတိုက်သွားတာပါ။ ဓားပြဟာ ငွေကျပ်သိန်း ၁၅၀၀ လောက် ယူဆောင်သွားတယ်လို့ဆိုတယ်။

Public Service Announcement
ဓားပြဟာ လူကနည်းနည်းသေးတာကြောင့် ငွေအိတ်ကို နိုင်ပုံမရပါဘူး။ ဒါနဲ့ ကမ္ဘောဇဘဏ်ဝန်ထမ်းကို လိုက်ပို့ခိုင်းတယ်။ နောက်ကျောမှာ Security လို့ စာတန်းရိုက်ထားတဲ့ တီရှပ်ကို ဝတ်ထားတဲ့ ခပ်တောင့်တောင့်လူငယ်တစ်ယောက်က ငွေအိတ်ကို “မ”ပြီး ဓါးပြရဲ့ဆူပါကတ်ဆိုင်ကယ်ပေါ်အထိ လိုက်တင်ပေးခဲ့တယ်။ ပြီးတော့ ဓားပြနဲ့ Security မျက်နှာချင်းဆိုင်ကြည့်နေကြပါသေးတယ်။ မန္တလေးက ကာဗာနန်းတော်ဆိုင်တွေက Security လေးတွေလို “အကို ဖြေးဖြေးမောင်းပါခင်ဗျ။”လို့များ မှာနေသလားမသိဘူး။
ဓါးပြတိုက်ခံရတဲ့နေရာဟာ လူသွားလူလာမပြတ်၊ စည်ကားလွန်းတဲ့လမ်းမကြီးပေါ်ကဘဏ်မှာ ဖြစ်ပွားခဲ့တာကိုလည်း မြို့ခံတွေ အံ့သြကြပါတယ်။ နောက်ပြီး ခြေလှမ်းလေးငါးဆယ်လှမ်းလောက်သွားရုံနဲ့ လုံခြုံရေးကင်းတွေချထားတဲ့ မြို့လယ်က
တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်နဲ့လည်း နီးနီးလေးရယ်ပါ။
ဒီကနေ့မှာတော့ စစ်ကောင်စီကအဲဒီဘဏ်ဓါးပြဖမ်းမိပြီလို့ သတင်းထုတ်ပြန်လာပါတယ်။ အသက် ၅၄ နှစ်အရွယ် ဦးသိန်းဇော်ဦးဆိုတဲ့ အမျိုးသားတဦးကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀လမ်း၊၆၈ ဘီလမ်းနဲ့ ၆၈ စီ လမ်းရှိ နေအိမ်မှာ ဖမ်းမိတာလို့ဆိုတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ အရွယ်နဲ့မလိုက်အောင် အိုမင်းနေတဲ့ ခပ်ပိန်ပိန်အမျိုးသားတစ်ဦးကို တွေ့ရပါတယ်။
ဓားပြတိုက်စဥ်အသုံးပြုတဲ့ သေနတ်နဲ့အတူ ငွေကျပ် ၁,၀၉၈သိန်းကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့်ချန်နယ်တွေကဆိုပါတယ်။
CCTV မှာ ပေါ်တဲ့ တိုက်သွားတဲ့ ဓါးပြနဲ့ ရုပ်မတူဘူးလို့လည်း ဝေဖန်ကြတယ်။
“တိုက်တဲ့လူက နဲနဲဝတယ် ၄၀ကျော်အရွယ်လောက် စတိုင်နဲ့မလိုင်နဲ့ ဖမ်းမိတော့ ၇၀ အရွယ် ပုဆိုးပဲဝတ်တတ်တဲ့ပုံကြည့်လိမ်ကြပါဦးဟ။”လို့ မန္တလေးမြို့ခံတဦးက မှတ်ချက်ပြုတယ်။
နောက်ပြီး စစ်တပ်နဲ့ နီးတဲ့မြို့လယ်နားက ကမ္ဘောဇဘဏ်ကို အေးအေးဆေးဆေးတကိုယ်တော်ဓါးပြတိုက်တယ်ဆိုတာရော ၊တစ်ရက်အကြာမှာဖမ်းမိတယ်ဆိုတာရော ဖြစ်စဥ် တစ်ခုလုံးကို ပြည်သူအချို့ ကမယုံကြဘဲ သံသယရှိနေကြပါတယ်။
“ဘဏ် ဓားပြတိုက်ခံရပြီဆို KBZ Bankကြည့်ပဲ ထူးတော့ထူးတယ်။”လို့မန္တလေးမြို့ခံတဦးက မှတ်ချက်ပေးပါတယ် ။
အခြားမန္တလေးမြို့ခံ တဦးကလည်း “ငပျူထောက်ပံ့တာ ပေါ်တင်ထောက်ပံ့ရင်မကောင်းလို့ ဇာတ်လမ်းထွင်ပြီးထောက်ပံ့တာဖြစ်မယ်။”လို့ပြောပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းမှာပဲ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ MDY Revolution အဖွဲ့က အဲဒီဘဏ်ဓါးပြဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းတခုထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဖမ်းမိထားတဲ့ တကိုယ်တော် ဓါးပြတိုက်သူဟာ မန္တလေးပြည်သူ့စစ်(ပသစ)အဖွဲ့က သိန်းဇော်ဦး (ဘ)ဦးမြင့်ဖေ ဖြစ်ကြောင်းသတင်းအတိအကျရရှိပါသည် လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီထောက်ခံသူတွေက ဘဏ်ဓါးပြဟာ ပြည်သူ့စစ်တဦးဖြစ်နေတဲ့အကြောင်းထုတ်ဖော် ပြောဆိုထားတာ မရှိဘူးလို့ MDY Revolution အဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ရွှေဆိုင်တွေ၊ ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းအများအပြား ဓါးပြတိုက်ခံခဲ့ရပြီး အဲဒီဓါးပြမှုတွေကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောပါတယ်။
ဓါးပြတွေဟာ ပျူတွေဖြစ်ကြောင်း သာဓကတခုလည်း ရှိပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်ညကမန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်မှာ လင်မယားနှစ်ယောက်နေတဲ့နေအိမ် ဓါးပြတိုက်ခံရပါတယ်။ ၇ ဦးပါတဲ့ ဓားပြအဖွဲ့ဟာ အိမ်ရှင်လင်မယားကို ရိုက်နှက်နှိပ်စက်ပြီး Suzuki ခွေးဘီးလူးကားတစ်စီးကိုပါ သိမ်းဆည်းသွားခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောတယ်။
အဲဒီဓါးပြတွေကို စစ်ကောင်စီက အခုလိုပဲ အဖမ်းပြပါတယ်။ ဖြစ်ချင်တော့ အဲဒီဓါးပြတွေဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ဖြစ်နေခဲ့ပါတယ်။
အဆိုပါပျူစောထီးတွေဟာ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာနဲ့ ထန်းပင်ကုန်းကျေးရွာတွေမှာ တာဝန်ကျနေသူတွေဖြစ်ပြီး မန္တလေးမြို့သို့ ခေတ္တပြန်လာချိန် ပျူစောထီးအဖွဲ့ဝင် ဇွဲထက် ၏ မိခင်အတွက် အကြွေးသွားတောင်းရင်း ဓါးပြမှုနဲ့ အဖမ်းခံရခြင်းဖြစ်တဲ့အကြောင်း ပျူစောထီးတွေက ဆင်ခြေပေးပါတယ်။
“စစ်ဆင်ရေးတာဝန်များကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့အတူထမ်းဆောင်ပြီး ခေတ္တခဏပြန်လာကြသူများဖြစ်ကြောင်းအား ရဲတပ်ဖွဲ့တာဝန်ရှိသူများအား ရှင်းပြပါသော်လည်း အခွင့်မပေးခဲ့ပါ”လို့ ပျူစောထီးတစ်ဦးက ရေးသားခဲ့တယ်။
ဒါ့အပြင် စက်တင်ဘာ ၁၀ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်တဲ့ ဗိုလ်ချုပ်ရွာရပ်ကွက်မှာ ကျပ်သိန်း ခုနစ်သောင်းကျော်တန်ကြေးရှိ ရွှေဆိုင်ကရွှေတွေဓားပြတိုက်သွားတဲ့ ပျူစောထီးတွေဖမ်းမိရေး ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကို စစ်ကောင်စီရဲက အကူအညီတောင်းခဲ့ရပါသေးတယ်။
စစ်အုပ်စုဟာ ပြည်သူတွေကို အာရုံပြောင်းချင်တဲ့အခါ လူစိတ်ဝင်စားနိုင်မယ့် ဇာတ်လမ်းတွေထွင်လေ့ရှိတာမို့ ဒီရက်ပိုင်း ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ် တပ်
ရင်းတွေ စခန်းတွေဆက်တိုက်ဆုံးရှုံးနေပြီး ဗန်းမော်မြို့ ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ဖို့နီးလာချိန်မှာ အခုဓါးပြမှုပေါ်လာတာဟာ ဗန်းမော်တိုက်ပွဲကိုအာရုံပြောင်းချင်တာကြောင့်ဖြစ်နိုင်တယ်လို့ စစ်ရေး နိုင်ငံရေးလေ့လာသူအချို့ကပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ တကိုယ်တော်ပျူဓါးပြ ရုပ်ရှင်ဟာ အတော်ရယ်ရတဲ့အကြောင်း မြို့ခံတွေက ပြောဆိုနေကြပါတယ်။ ။
