close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲထားပေမယ့် လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ အပြန်အလှန်တိုက်ခိုက်

လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး စစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့အတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး စစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့အတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ အဓိက ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်အခတ် ရပ်စဲရေး စတင် အသက်ဝင်ခဲ့ပါတယ်။ သဘောတူညီမှုတွေအရ ကနဦးအဆင့် အပစ်ရပ် ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး အဲဒီအတောအတွင်း နှစ်ဖက် တင်းမာမှုတွေ အဓိက ဖြစ်ပေါ်ရာ လက်ဘနွန် တောင်ပိုင်းကနေ အစ္စရေး စစ်တပ်ရော၊ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေပါ ဆုတ်ခွာကြဖို့၊ ဒေသရဲ့ လုံခြုံရေး ကဏ္ဍအတွက် လက်ဘနွန် အစိုးရတပ်တွေက ဝင်ရောက် တာဝန်ယူဖို့ နှစ်ဖက်စလုံးက လက်ခံခဲ့ပါတယ်။

ဒါပေမဲ့လည်း အခု သီတင်းပတ် အစောပိုင်းမှာ လက်ဘနွန် တောင်ပိုင်းနဲ့ ထိစပ်နေရာ အစ္စရေး မြောက်ပိုင်းမှာရှိတဲ့ ကင်းမျှော်စင် တစ်ခုကို တိုက်ခိုက်ခံရတယ်ဆိုပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်း၊ နာဘာတီရာ ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ အနေအထားက ဒေသတွင်း တင်းမာမှုတွေကို ပြန်လည် မြင့်တက်လာစေပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြိုပျက်သွားမယ့် စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်တဲ့ နိုဝင်ဘာ ၂၇ ရက်နောက်ပိုင်း ကတိကဝတ် ချိုးဖောက်တယ် ဆိုတာတွေကို နှစ်ဖက်စလုံးက စွပ်စွဲ အပြစ်တင်ခဲ့ကြပြီး အသေးစား ထိတွေ့မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခြင်းဟာ အရင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ သဘောတူညီချက် အလုံးစုံ ပြိုလဲသွားနိုင်ခြေကို လက်တွေ့ စိုးရိမ်လာရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးက ဟစ်ဇ်ဘိုလာတွေဟာ ရှီဘာမြို့နားက လယ်ကွင်းတွေမှာ ရှိနေတဲ့ ကင်းမျှော်စင် တစ်ခုကို ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းတုန်းက ဒုံးကျည် နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေကလည်း အစ္စရေးဖက်က အကြိမ်ကြိမ် စည်းဖောက်မှုတွေကြောင့် အခုလိုမျိုး လက်တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တဲ့နောက် လက်ဘနွန်တောင်ပိုင်း ဒေသခံတွေဟာ စစ်ရှောင်နေရာကနေ ပြန်လာဖို့ မျှော်လင့်ပေမယ့် လက်ရှိ အခြေအနေကြောင့် တွန့်ဆုတ်သွားရပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား ပဋိပက္ခတွေဟာ ၁၃ လလောက် ကြာမြင့်ခဲ့ရာကနေ အောက်တိုဘာလဆန်းလောက်မှာ သိသိသာသာ အရှိန်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပဋိပက္ခတွေအတွင်း လက်ဘနွန်မှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လူပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အခုအခါ အစ္စရေး-လက်ဘနွန် နယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်နေပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မစ်လာကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မပျက်ပြယ်သေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို ပျက်စီးစေမယ့် အပြုအမူတွေကနေ ဘယ်ဖက်က လုပ်ဆောင်တာကိုမှ ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြားက ၁၃ လကြာ စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ နီးစပ်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အခြေအနေ ရှိနေကြောင်း ကုလသမဂ္ဂ အထူးကော်မတီ တစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။

Facebook