အင်္ဂလန် ဘောလုံးကလပ် မန်ချက်စတာ စီးတီးရဲ့ ကစားသမားဟောင်း တစ်ဦးဟာ ဂျော်ဂျီယာ နိုင်ငံရဲ့ သမ္မတ ဖြစ်လာမယ်လို့ သိရပါတယ်။
လက်ရှိ အာဏာရ ဂျော်ဂျီယာ အိပ်မက်ပါတီ (GDP)ဟာ အသက် ၅၃ နှစ်အရွယ် မစ်ခေးလ် ကာဗလာရှက်ဗ်လီကို နိုင်ငံရဲ့ သမ္မတ နေရာအတွက် အဆိုတင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ကာဗလာရှက်ဗ်လီ သမ္မတ ဖြစ်လာဖို့ လွှတ်တော်ရဲ့ မဲခွဲထောက်ခံမှု အဆင့်ကို ကျော်ဖြတ်ရဦးမှာတော့ ဖြစ်ပါတယ်။
ဂျော်ဂျီယာ နိုင်ငံရေး ကဏ္ဍမှာ သမ္မတဟာ နိုင်ငံခေါင်းဆောင်အနေနဲ့ သတ်မှတ် ခံရပေမယ့်လည်း အဆောင်အယောင် သဘောသာဖြစ်ပြီး နိုင်ငံရေး အာဏာ အစစ်ကတော့ ဝန်ကြီးချုပ်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
GDPဟာ နိုင်ငံရဲ့ ဥရောပ သမဂ္ဂ ဝင်ရောက်ခွင့် အဆုံးအဖြတ် လူထုဆန္ဒ ခံယူပွဲလို့ တင်စားခံရတဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရပြီး အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံ အင်အားစုတွေကတော့ အဲဒီ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရုရှားဟာ ဂျော်ဂျီယာကို ဩဇာ ဆက်လက် လွှမ်းမိုးနိုင်အောင် နောက်ကွယ်ကနေ စွက်ဖက်နေခဲ့တယ်လို့ စွပ်စွဲကြပါတယ်။

Public Service Announcement
ဥရောပ ရွေးကောက်ပွဲ လေ့လာသူတွေကလည်း ဂျော်ဂျီယာ ရွေးကောက်ပွဲမှာ လာဘ်ထိုးမှုတွေ၊ နှစ်ခါပြန် မဲပေးမှုတွေ၊ ကိုယ်ထိလက်ရောက် ရန်လို ခြိမ်းခြောက်မှုလို ကိစ္စတွေနဲ့ ရလဒ်ကို ခြယ်လှယ်ခဲ့တာတွေ ရှိနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။
သမ္မတ ဆာလိုမီ ဇူရာဘစ်ချ်ဗီလီကလည်း အတိုက်အခံတွေဖက်က ရပ်တည်ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်ရဲ့ တရားဝင်မှုကို အသိအမှတ် မပြုဘူးလို့ ကြေညာခဲ့ပါတယ်။ သူဟာ နိုဝင်ဘာ ၂၅ ရက်နေ့က လွှတ်တော်သစ်ရဲ့ အဖွင့်အခမ်းအနားကိုလည်း မတက်ရောက်ဘဲ ဆန္ဒပြခဲ့ပါတယ်။ ဇူရာဘစ်ချ်ဗီလီရဲ့ ၆ နှစ် ရာထူးသက်တမ်းဟာ ဒီဇင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကာဗလာရှက်ဗ်လီက အစားထိုး တာဝန်ယူမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။
သမ္မတ နေရာကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုနဲ့ အတည်ပြုမှာ ဖြစ်တာကြောင့် လက်ရှိ အသာစီး ရထားတဲ့ GDPက ကာဗလာရှက်ဗ်လီကို သမ္မတနေရာအတွက် ထောက်ခံ အတည်ပြုဖို့ အခက်အခဲ မရှိနိုင်တဲ့ သဘောပါပဲ။
ကာဗလာရှက်ဗ်လီဟာ တိုက်စစ်မှူး တစ်ဦးအဖြစ် ဘောလုံးသမားဘဝကို ကျင်လည် ဖြတ်သန်းခဲ့ပြီး မန်ချက်စတာ စီးတီးမှာ ၁၉၉၅ ကနေ ၁၉၉၇ ခုနှစ်ထိ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။ ကစားသမားဘဝက အနားယူပြီးတဲ့နောက် နိုင်ငံရေး လောကထဲ ဝင်ရောက်လာရာက ၂၀၁၆ မှာ လွှတ်တော်အမတ် အနေနဲ့ ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်းက သမ္မတ ဖြစ်လာတဲ့ ကိစ္စမျိုးဟာ ရှားပါးပေမယ့် အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိခဲ့ဖူးတဲ့ အေစီမီလန် တိုက်စစ်မှူးဟောင်း ဂျော့ဂျ်ဝီယာဟာလည်း ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်ထိ လိုက်ဘေးရီးယား နိုင်ငံရဲ့ သမ္မတ ဖြစ်ခဲ့ဖူးပါတယ်။ တိုက်ဆိုင်မှု တစ်ခုကတော့ ဝီယာဟာလည်း မန်ချက်စတာ စီးတီးမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။
ကိုးကား: Guardian
