ယူကရိန်း စစ်ပွဲကာလတလျှောက် တစ်နေ့တာ စံချိန်တင် အရေအတွက်ထိ များပြားတဲ့ ဒရုန်းတွေ အသုံးပြုပြီး ရုရှားက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းက ရုရှားရဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်ချင်းပစ် ဒုံးကျည် အများစုဟာ ယူကရိန်းရဲ့ စွမ်းအင် ထုတ်လုပ်ရေး စက်ရုံတွေ၊ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ရုရှားဟာ အနုတ် ၂၀ ဒီဂရီလောက်ထိ လွန်လွန်ကျွံကျွံ အေးခဲနေတဲ့ အချိန်မှာ ယူကရိန်းရဲ့ ဓာတ်အားပေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာကြောင့် ယူကရိန်း ပြည်သူ အများအပြားဟာ လျှပ်စစ်မီးနဲ့ အပူပေးကိရိယာတွေ အသုံးမပြုနိုင်ဘဲ ဆိုးရွားလှတဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနေကြရပါတယ်။
အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းရဲ့ အအေးဆုံး ကာလတွေအတွင်း မြို့ကြီးတွေကို တစ်ပတ်ကြာ မတိုက်ခိုက်ဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို သူစည်းရုံးနိုင်ခဲ့တယ်လို့ ကြေညာပေမယ့် ရုရှားကတော့ အဲဒီ တစ်ပတ်တာ သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြီးဆုံးခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

ဖေဖော်ဝါရီ ၃ ရက်နေ့ကတော့ ရုရှားဟာ ဒုံးကျည် အမျိုးမျိုး အစင်း ၇၀ ကျော်ကို ယူကရိန်း မြို့ကြီးတွေဆီ ဖြန့်ကျက် ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို ဝန်ပိစေမယ့် ဒရုန်းအစင်းပေါင်း ၄၅၀ လောက်ကို ပစ်လွှတ်ခဲ့ပါတယ်။
အဲဒီနေ့က ရုရှား အသုံးပြုခဲ့တဲ့ ဒုံးကျည် အရေအတွက်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲတလျှောက် တစ်ရက်တာ အရေအတွက် အများဆုံး စံချိန်လည်း ဖြစ်လာပါတယ်။

ယူကရိန်း လေတပ်ဟာ ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေထဲက ၃၈ စင်းကိုသာ ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ဒုံးကျည် တစ်ဝက်လောက်ဟာ ရည်မှန်းထားတဲ့ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ် ဆိုတာပါပဲ။
ဇီလန်စကီးက ရုရှားဟာ အကြမ်းဖက်မှု နည်းလမ်းတွေကို ရွေးချယ်လိုက်ပြီး အဲဒီလုပ်ရပ်တွေကိုလည်း အရှိန်မြှင့်တင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ထရမ့်ကို ပူတင် ကတိပေးခဲ့တဲ့ တစ်ပတ်ကြာ ဒုံးကျည်ပစ်ခတ်မှု ဆိုင်းငံ့တဲ့ ကာလဆိုတာကလည်း ဒုံးကျည်တွေ ပိုပြီးများများ စုဆောင်းနိုင်အောင် အချိန်ယူခဲ့တဲ့ အကြောင်းပြချက် တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

ယူကရိန်းဟာ အနောက်မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေမှာ ထည့်သွင်းပစ်ခတ်ဖို့ ခဲယမ်းမီးကျောက် မလုံလောက်မှုတွေနဲ့ ရုန်းကန်နေရကြောင်းလည်း ဝန်ခံထားပါတယ်။ ယူကရိန်းဟာ လေကြောင်းကာကွယ်ရေး ကဏ္ဍမှာ အမေရိကန်လုပ် Patriot ဒုံးခွင်းဒုံးတွေကို အဓိက မှီခိုထားရပါတယ်။
အခုအချိန်မှာတော့ ဒုံးခွင်းဒုံးတွေ အချိန်မီ လက်ခံရရှိပြီး အဖိုးတန် လူ့အသက်တွေကို ကာကွယ်နိုင်ရေးဟာ ယူကရိန်းရဲ့ ဦးစားပေး ကိစ္စ ဖြစ်လာကြောင်း၊ ထိရောက်တဲ့ ဖိအားပေးမှုတွေ မရှိသ၍ ရုရှားဟာ စစ်ပွဲကို ရပ်တန့်မှာ မဟုတ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့နဲ့ ယူကရိန်း လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ NATO စစ်မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက ကိယက်ဗ်မြို့ဆီ ရောက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှု အတွင်း ဒုံးကျည်တွေ ထိမှန်မှုကြောင့်ရော၊ ယူကရိန်း ကြားဖြတ်ပစ်ချတာ ခံခဲ့ရတဲ့ ဒုံးကျည် အစအနတွေကြောင့်ပါ အရပ်သားတချို့ ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – AP, Reuters

















































