close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့စောင့်တပ် ခလရ(၂၇၅) တိုက်ခိုက်ခံရမှု ထိခိုက်မှုရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်တွေမနေ့က (မေလ၃၁ရက်) ညဦးပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ခလရ(၂၇၅)တပ်ရင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️၂၇၅တပ်ရင်းထဲက ထိုင်းပြန်စစ်ကောင်စီတပ်သားတွေ စုပေါင်းစစ်ကြောင်းထိုးမယ်လို့ ကောလာဟလသတင်းထွက်နေ

ဇွန် ၁၊၂၀၂၅။ကိုဘီဂျီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်တွေမနေ့က (မေလ၃၁ရက်) ညဦးပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၃၁ရက် ညဦးပိုင်း ၇နာရီလောက်ကစပြီး ည ၁၀နာရီလောက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကြားတာ အနည်းငယ်ထိခိုက်တယ်ကြားတယ်။ သုံးယောက်ထိခိုက်တယ်လို့ ကြားတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့ခံတစ်ဦးကတော့ ခလရ(၂၇၅)တပ်ရင်းထဲကို အနည်းဆုံး လက်နက်ကြီး ၁၀လုံးလောက်ကျရောက်ပေါက်ကွဲတယ်လို့ ပြောပါတယ်။

မနေ့ညက ၂၇၅တပ်ရင်း တိုက်ခိုက်ခံရတဲ့ လက်နက်ကြီးသံတွေဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ အတိုင်းသားကြားရတယ်လို့ မဲဆောက်မြို့က မြန်မာတွေက ပြောပါတယ်။

မေလ၂၈ရက်က မြဝတီမြို့တောင်ဘက်နားက ဝေါ်လေမြို့က ကနဲလေးတပ်စခန်း သိမ်းပိုက်ခံရအပြီးမှာ ခလရ(၂၇၅)တပ်ရင်းက တော်လှန်ရေးတပ်ဖွဲ့တွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာ မြဝတီမြို့နားက ရွှေမြစန္ဒီရပ်ကွက်က ပြည်သူသုံးဦး ထိမှန်ခဲ့ပြီး တစ်ဦးကတော့ မဲဆောက်ဆေးရုံကြီးမှာ အရေးပေါ်ကုသနေရပါတယ်။

ခလရ(၂၇၅)တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF၊ ကော်ဘရာပူးပေါင်းတပ်တွေက ၂၀၂၄ ဧပြီ ၁၀ရက်ညက အဲဒီတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ခလရ(၂၇၅)တပ်ရင်းထဲက

တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ကျော်ဟာ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)အောက်မှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ခလရ(၂၇၅) တပ်ရင်းကို တစ်ပတ်ကြာပဲ ထိန်းချုပ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။

အခုအဲဒီ ၂၇၅ထဲမှာ မြန်မာ – ထိုင်းနယ်စပ်က တပ်စခန်းသိမ်းပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့ ရာနဲ့ချီတဲ့ စစ်သားတွေဟာ ၂၇၅ထဲကို ပြန်လည်ဝင်ရောက်ရှိနေကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၀ကျော်ကို မမေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့တယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဘလယ်ဒိုတပ်စခန်းကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့တာတွေလုပ်ရင် အဲဒီ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘ(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေဟာ မြန်မာ − ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။

မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလာခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။

ဒါ့အပြင် မေလ ၂၈ရက် ညဦးပိုင်းမှာလည်း နယ်စပ်က ဝေါ်လေမြို့နားက ကနဲလေးစစ်ကေင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။

နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေကြပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြိး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။

ကောလာဟလသတင်းတွေမှာတော့ လခရ(၂၇၅) တပ်ရင်းထဲမှာ စုမိနေတဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြန်ဝင်လာတဲ့ ထိုင်းပြန် စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြဝတီမြို့အထွက်က သင်္ဃန်းညီနောင်ဒေသကို စစ်ကြောင်းထိုးမယ်လို့ ဆိုပါတယ်။ လက်တလောအချိန်အထိတော့ စစ်ကြောင်းထိုးထွက်တာ မရှိသေးဘဲ ၂၇၅တပ်ရင်းထဲမှာဘဲ စုဝေးနေကြပါတယ်။

” သူတို့ ထိုးရဲထိုးပေါ့”လို့ ကော်ဘရာစစ်ကြောင်းနဲ့ နီးစပ်တဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook