close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရန်ကုန်ကျားဖြန့်နားရောက်နေကြတဲ့ မျက်နှာစိမ်းတွေ

ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်​​နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ယောနသံ/People’s Spring

ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်​​နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

တရုတ်ရဲ​တွေဟာနိုဝင်ဘာလကတည်းက ရောက်လာတာဖြစ်ပြီး အခုဆိုရင် ရန်ကုန်မြို့ထဲမှာ အင်အား ၁၀၀ ကနေ ၁၅၀ ကြားရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြည်ပလက်နက်ကိုင်တွေကို နိုင်ငံတွင်း ခြေချလှုပ်ရှားခွင့်မပြုဘူးလို့ စစ်တပ်ရဲ့ နာဂစ်​ခြေဥမှာဆိုထား​​ပေမယ့် တရုတ်ကြောက်စစ်အုပ်စုရဲ့ လက်သိပမထိုးအစီအစဉ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိမှာ ကျားဖြန့်ငွေလိမ်အမှုတချို့ကို စစ်ဆေးနေတဲ့ တရားရေးသတင်းရင်းမြစ်က” သူတို့(တရုတ်ရဲတပ်ဖွဲ့ဝင်တွေ)ရောက်နေတယ်ဗျ။ သတိထားကြည့်ရင် သိသာပါတယ်။ ရန်ကုန်မြို့ထဲမှာ သူတို့ လွတ်လွတ်လပ်လပ် သွားနေကြတာပါ” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ကအထင်ကရဟိုတယ်တချို့မှာ ကာလရှည်ငှားရမ်းတည်းခိုနေကြတာရှိသလို၊ သူတို့အစီအစဉ်နဲ့သူတို့လုံးချင်းအိမ်တွေကိုငှားပြီး နေထိုင်နေကြတာလည်းရှိတယ်လို့ စုံစမ်းသိရပါတယ်။ကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့မင်္ဂလာဒုံမြို့နယ်တွေအပြင်‌ကျောက်တန်း၊သန်လျင်မြို့နယ်တွေကိုလည်း မကြာခဏသွားရောက်နေကြတယ်လို့ အဲဒီသတင်းမြစ်ကဆိုပါတယ်။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းကျားဖြန့်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ ပူး​ပေါင်းနှိမ်နင်းမယ်​ကြွေး​ကြော်ထားပြီး စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ အပေါ် သိသိသာသာဩဇာညောင်းပြီး ထဲထဲဝင်ဝင်ပတ်သက်နေပါတယ်။

၂၀၂၃ အောက်တိုဘာလ ၂၇ ရက် ကရှမ်းပြည်နယ် မြောက်ပိုင်းမှာ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်အစိုးရရဲ့ မီးစိမ်းပြမှု​ကြောင့်လုပ်ခဲ့တဲ့စစ်ဆင်​ရေးဖြစ်ပါတယ်။၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေညာချက်မှာလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တရုတ်ကို လူသိရှင်ကြားအစီရင်ခံခဲ့ရပါတယ်။

အချိန်တိုအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေဆက်တိုက်လက်လွတ်ဆုံးရှုံးရတဲ့အခါ‌ စစ်တပ်က မြောက်ပိုင်းသုံးဖွဲ့ကို ပြည်ပက‌နေအကူအညီပေးနေတယ်ဆိုပြီးစစ်ကောင်စီက တရုတ်အစိုးရကိုသွယ်ဝိုက်အပြစ်တင်ခဲ့ပါ‌သေးတယ်။ ​ပေါက်ကိုယ်​တော်အပါအဝင် စစ်တပ်နဲ့ မဘသ​ထောက်ခံတဲ့ အင်အားစု​တွေနဲ့တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေတောင် ‌ပြင်ဦးလွင် ၊နေပြည်တော်နဲ့ရန်ကုန်မှာ စစ်ကောင်စီ‌ လော်ဘီတွေက လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သောင်ပြင်မှာ သင်းကွဲနေသလို ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးဂယ်ပေါက်ရဖို့အတွက် တရုတ်အစိုးရကို အာမခံရဲပါဘူး။ ‌ပုဆိုးခြုံ လက်သီးပုန်းပြပြီးနောက် အမြီးနှံ့ရို့သွားပါတယ်။

ကျားဖြန့်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တရုတ်အစိုးရအမိန့်အတိုင်းလုပ်နေသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက MNDAAနဲ့ TNLAက တရုတ်အစိုးရအမိန့်အတိုင်း စစ်တပ်နဲ့ အပစ်ရပ်ထားလို့ ၁၀၂၇ စစ်ဆင်ရေးလည်း ရပ်တန့်နေပါတယ်။ဒါပေမယ့် အာဏာသိမ်းစစ်တပ်လက်​အောက်မှာ နယ်ခြား​စောင့်တပ် ၊ ပြည်သူ့စစ် စတဲ့အဖွဲ့​တွေ နဲ့ စစ်ဗိုလ်ချုပ်​တွေ​ကြောင့် ကျားဖြန့်ပြဿနာကတော့ မရပ်သွားတဲ့အပြင် ပိုပြီးကြီးမားလာပါတယ်။

အ​မေရီကန် နိုင်ငံသား​တွေကိုပါ လိမ်လည်အမြတ်ထုတ်လာတဲ့ ကျားဖြန့်လုပ်ငန်း​တွေကို နှိမ်နင်းဖို့ ဆိုပြီး အ​မေရီကန်အစိုးရက အွန်လိုင်း​ငွေလိမ်လုပ်ငန်း တိုက်ဖျက်​ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးစတင်စုံစမ်းစစ်​ဆေး​နေပြီလို့ ​ကြေညာလိုက်တာက မြဝတီ ​ဒေသမှာ​ရော ၊​နေပြည်​တော်မှာ​ရော ၊​ဘေဂျင်းမှာပါ ဝရုန်းသုန်းကား​တွေဖြစ်​စေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ၊ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ် ဦး​ဆောင်ပြီးတရား​ရေးဝန်ကြီးဌာနအပါအဝင် အမေရိကန်ကဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI)၊အထူးလျှို့ဝှက်ထောက်လှမ်းရေးဌာန ၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး အွန်လိုင်း​ငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Centre Strike Force-SCSF) ဖွဲ့စည်း​ကြောင်း​ နိုဝင်ဘာ ၁၂ ရက်​နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ ကျူးလွန်သူ​တွေကိုအ​ရေးယူဖို့ နဲ့ သားကောင်ဖြစ်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းက​ အ​မေရိကန်ရဲ့ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့တာရဲ့​နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ နက်နဲတဲ့လျိုဝှက်အစီအစဥ်တွေ(Hidden Agenda)ရှိ​နေနိုင်တယ်လို့ အလျင်စလိုတုံ့ပြန်ခဲ့တယ်အထိ စစ်အုပ်စု ​အိန္ဒြာ​​​ရေ ပျက်ခဲ့ပါတယ်။

ဒါအပြင် အ​မေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ ဖွဲ့စည်း​ကြောင်း​ထုတ်ပြန်ပြီး ငါးရက်အကြာမှာ BGF နဲ့စစ်တပ်တို့က ကျားဖြန့်နှိမ်နင်း​ရေးအထူးစစ်ဆင်​ရေးစပြီလို့ ​ကြေညာခဲ့ပါတယ်။အဲဒီ​နောက် နိုဝင်ဘာ ၁၈ ရက်ကစပြီးစစ်တပ် နဲ့ BGF က ​ရွှေကုက္ကိုလ်မြို့သစ်ကအ​ဆောက်အုံအချို့ကို စီးနင်းပြပါတယ် ။အဲမတိုင်ခင်က​တော့စစ်တပ်နဲ့ BGF တို့က KK Park ကကျားဖြန့်လုပ်ငန်း​တွေကို နှိမ်နင်းတယ်ဆိုပြီး လုပ်ကိုင်​နေသူ​တွေကိုထွက်​ပြေးခိုင်းပြီး အ​ဆောက်အအုံ​တွေကို မိုင်းခွဲဖျက်ဆီး​ခဲ့ကြပါ​သေးတယ် ။ ပြသာနာက ​​​ရွှေကုက္ကိုလ် ၊ KK Park ထဲက ကျားဖြန့်အဓိကလုပ်သူ​တွေက စစ်တပ် ၊BGF ၊ DKBA တို့ကို​ငွေ​ပေးပြီး ရန်ကုန်အပါအဝင် အခြား​နေရာမျိုးစုံကို​ရွေ့​ပြောင်းသွားကြပါ​တော့တယ် ။​ကျားဖြန့်လုပ်တဲ့ မြန်မာဝန်ထမ်း​တွေ ၊တရုတ်​တွေလည်း နယ်စပ်က​နေ နိုင်ငံအတွင်းပိုင်းကို ပြန့်နှံကုန်ပါ​တော့တယ် ။

ပြည်ပအရေးကို မစွက်ဖက်ဘူးလို့ အမြဲတစေကြွေးကြော်နေတဲ့တရုတ်အစိုးရက မြန်မာနိုင်ငံမှာ ကျားဖြန့်အကြောင်းပြပြီး ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ စစ်ကောင်စီကို သတင်းထုတ်ပြန်စေခဲ့ပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီးလျိုကျုံးရိဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်လာပြီး တိုက်တွန်းဆွေးနွေးခဲ့တာကို စစ်ကောင်စီကဒီဇင်ဘာလ၁၃ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကျားဖြန့်တိုက်ဖျက်ရေးတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ မြန်မာအပြင် ဒေသတွင်းနိုင်ငံတွေပဲစီမံကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားကျုးလွန်မှုတွေကို မြန်မာနိုင်ငံထဲမှာ အခြေမချနိုင်ဖို့ဆိုပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက်နေ့မှာပဲအလျင်စလို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့်ဒါဟာလူကြားကောင်းအောင်ပြောနေတာဖြစ်ပြီး ကျားဖြန့်ယန္တရားထဲမှာ စစ်ကောင်စီအုပ်စုအဓိကပါဝင်ပတ်သက်နေသလို ရန်ကုန်မြို့မှာလည်း ကျားဖြန့်လုပ်နေတဲ့ နေရာတွေအများအပြားရှိနေပြီလို့ စစ်ကောင်စီအဝန်းအဝိုင်းနဲ့ အပေးအယူရှိတဲ့ စီးပွား‌ရေးသမားတစ်ဦးကပြောပါတယ်။

“ အမေရိကန်ဝင်ပါပြီးနောက်ပိုင်း တရုတ်ရဲတွေ ရန်ကုန်ကိုအများကြီးရောက်လာတာ “ လို့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ကပြောပါတယ်။

ရန်ကုန်မြို့မှာပဲကျားဖြန့်လိမ်လည်မှုတွေကြောင့် မြန်မာရောက် တရုတ်နိုင်ငံသားအချင်းချင်း တရားစွဲဆိုတဲ့အမှုတချို့ဟာ ၂၀၂၁ထဲတင် ဆယ်မှုမကရှိခဲ့တယ်လို့ ရန်ကုန်မြို့မှာ တာဝန်ကျခဲ့တဲ့ တရားသူကြီးတစ်ဦးကပြောပါတယ်။

“ ရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးမှာပိုများတယ်။တရုတ်အချင်းချင်းလိမ်ကြတာ။ အမှုတိုင်းက ငွေသိန်းထောင်ကြီးဂဏန်းတွေ” လို့ အဲဒီတရားသူကြီးကပြောပါတယ်။

ရန်ကုန်မြို့မှာ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ရွှေပြည်သာ၊ အင်းစိန်တို့လို မြို့နယ်တွေမှာတွင်အပြင်ပန်းပဲတန်းနဲ့လသာမြို့တို့လို မြို့လယ်ခေါင်မှာလည်း ကျားဖြန့်တွေရှိတယ်လို့ ဒီအကြောင်းကိုသိရှိထားသူတချို့ကပြောပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၂၁ ခုနှစ်က စစ်ဆေးခဲ့တဲ့ တရုတ်နိုင်ငံသားချင်းချင်းဖြစ်ပွားတဲ့ ကျားဖြန့်အမှုဟာဆိုရင် လသာမြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုတော့ ကျားဖြန့် အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ သတိပေးချက်မှာ ရန်ကုန်မြို့အမည်ပါဝင်လာပြီးတဲ့နောက်ပိုင်း တရုတ်အစိုးရက သူ့ရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့ဆီ သုတ်ခြေတင်ခိုင်းလိုက်တာဖြစ်ပါတယ်။ဒါပေမယ့် အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကောင်စီအုပ်စုနဲ့ပေါင်းပြီး အကျင့်ပျက်နေပြီလို့ သတင်းရင်းမြစ်က ဖြည့်စွက်ပြောပါတယ်။

“ ရဲအကျင့်က ကူးနေပြီပဲပြောရမယ်။ ကျားဖြန့်ကို တကယ်မဖမ်းဘူးဗျ။မဖမ်းဘူး။သူတို့ ပွဲတည့်နေတယ်”

ကျားဖြန့်လိမ်လည်မှုတွေကနေရနေတဲ့ ဒေါ်လာဘီလီယံချီတဲ့ ဝင်ငွေတွေဟာ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတပ်ဖွဲ့တွေဆီ စီးဆင်းနေသလို မြန်မာနိုင်ငံက ကျားဖြန့်တွေရဲ့ အဓိကတရားခံက စစ်အုပ်စုဖြစ်တယ်လို့ နိုင်ငံတကာနဲ့လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ဖွင့်ချထားပါတယ်။ ဒါကိုလည်း ၁၀၂၇ စစ်ဆင်ရေးကနေရှင်းရှင်းလင်းလင်းသက်သေပြပြီးဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကနဦးအစပိုင်းကိုခဏပြန်သွားရအောင်ပါ။စစ်ဆင်ရေးကို ၂၀၂၃ခုနှစ် အောက်တိုဘာလ၁၀ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစတင်ခဲ့ပါတယ်။အဲဒီနေ့မှာပဲမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့တရားဝင်ကြေညာချက်(၅)ချက်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်နေကြတဲ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို တိုက်ဖျက်နှိမ်နင်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်အပါအဝင် ဆယ်ဦးကို နေပြည်တော်ကိုခေါ်ထားလိုက်ပါတယ်။ တရုတ်အစိုးရအလိုရှိနေတဲ့ ကျားဖြန့်ခေါင်းဆောင်ပိုင်းတွေကို စစ်ကောင်စီကဆက်လက်အကာအကွယ်ပေးထားတယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၄ ဇန်နဝါရီလ ၂၈ရက်နေ့ညမှာ ထုတ်ပြန်ခဲ့ပါတယ်။သုံးရက်မြောက်နေ့ ဇန်နဝါရီလ၃၀ရက်နေ့မှာတော့ ပယ်ဆောက်ချိန်အပါအဝင် ဆယ်ဦးကိုတရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်နဲ့ နေပြည်တော်ကိုလာပြီး ခေါ်သွားပါပါတယ်။

ပယ်ဆောက်ချိန်တို့ကို တရုတ်က စစ်ဆေးစဉ်မှာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တယ်လို့ ဖြောင့်ချက်ပေးခဲ့တဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အလယ်အလတ်ပိုင်းအရာရှိတချို့ အရေးယူခံခဲ့ရပေမယ့် စစ်ကောင်စီထိပ်ပိုင်းကတော့ ဟန်မပျက်ရှိနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ကောင်စီရဲ့ အဓိကဒေါက်တိုင် ပယ်ဆောက်ချိန်တို့အမှုက ဖုံးမရ၊ဖိမရတော့လို့ လူသိရှင်ကြားဖြစ်ခဲ့တဲ့ကိစ္စပါ။ အမေရိကန်အစိုးရကပါ အာရုံစိုက်လာတဲ့အထိအခုလက်ရှိ ပွဲဆူနေတဲ့ BGFနဲ့ ပတ်သက်တဲ့ ကျားဖြန့်ယန္တရားမှာတော့ပြည်ပနိုင်ငံတွေရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ တရုတ်က အကွက်ချထားပြန်ပါတယ်။ ရွှေက္ကိုကိုယ်ကို လျိုကျုံးရီကိုယ်တိုင် ရောက်ရှိလာပြီး လူလုံးပြသွားတဲ့အထိမြန်မာကျားဖြန့်အရေးမှာ တရုတ်ကစည်း‌ကျော်နင်းထားပါတယ်။

ရန်ကုန်မြို့ကိုရောက်နေတဲ့တရုတ်ရဲတွေကကျားဖြန့်ခြေရာကို အမှန်တကယ် အနံ့ခံခြင်းရှိ၊မရှိ မသိရသေးပေမယ့် ရန်ကုန်မြို့၊ကျောက်တန်းမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းကနေ အသက်လုထွက်ပြေးလာတဲ့ မိန်းကလေး ၂ဦးရဲ့ငရဲခန်းအကြောင်းကို HI – Honest Information သတင်းဌာနက စုံစမ်းဖော်ထုတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်ချမ်းရေး အင်စတီကျူ(USIP)ရဲ့ စောင့်ကြည့်မှုတွေအရ မြဝတီ ကျားဖြန့် လုပ်ငန်းတွေက ကမ္ဘာတဝန်းလိမ်လည်မှုတွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ထိ ရနေပါတယ်။ အဲဒီအကျိုးအမြတ်တွေကနေ စောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြား​စောင့်တပ်-BGF ဆီကို ဒေါ်လာသန်း ၇၀၀ ကျော် စီးဝင်နေပါတယ်။BGF အဖွဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်သို့ ခွဲဝေပေးတယ်လို့အစီရင်ခံစာ​တွေက ဆိုပါတယ် ။

စစ်ကောင်စီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာကျားဖြန့်လိမ်လည်မှုတွေရဲ့နောက်မှာအပြစ်ကင်းသူတွေအဖြစ် ဘုရားဒကာလို အိမ်ဦးခန်းမှာ ထိုင်မြဲထိုင်နေဆဲဖြစ်သလိုရန်ကုန်မြို့က ကျားဖြန့်လုပ်ငန်းတွေကိုလည်းတရုတ်ရဲတွေမမြင်သေးဘဲ ပိုပြီးကြီးထွားလာနေပါတယ်။ မြို့တော်ရန်ကုန်ရဲ့ ကျားဖြန့်ဗုံးဟာ ဘယ်အချိန်‌မှာ ကမ္ဘာသိ လူသိရှင်ကြားထပေါက်ကွဲမလဲဆိုတောကတော့ မေးခွန်းတစ်ခုအဖြစ် မှင်တိုထားကြရပါမယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေကို လက်လွှဲရောင်းချဖို့ မိခင်ကုမ္ပဏီ ByteDanceက သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

နိုင်ငံတကာ

ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် တရုတ်က အလိုရှိနေတဲ့ ဝရမ်းပြေး တစ်ဦးကို ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ DKBAက အကာအကွယ်ပေးထားတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းနေရာကို ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၂၁ရက်မှာသိမ်းပိုက်ခဲ့ပြီး ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ရာ ၃ပတ်ကျော်အကြာမှာ ငွေလိမ်လုပ်ငန်းတွေ နဲ့ ငွေလိမ်လုပ်သားတွေအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း KNU ဗဟိုက ဒီကနေ့ ဒီဇင်ဘာ ၁၇မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။

Facebook