ဖေဖော်ဝါရီ-၃၊၂၀၂၆။ သုည/People’s Spring
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၃) နံနက်က စက်ရုံဖယ်ရီကားနဲ့ ပဲခူး-ရန်ကုန်ပြေးဆွဲတဲ့ မီနီဘတ်စ် တိုက်မိရာ လူလေးဦး သေဆုံးပြီး ၃၀နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ လှည်းကူးမြို့နယ် အမှတ်(၂)လမ်းမကြီး အင်းတိုင် ကျေးရွာအနီးမှာ တိုက်မိတာ ဖြစ်ပါတယ်။

” ဖယ်ရီကားက အရှိန်မထိန်းနိုင်ဘဲ တဖက်လမ်းက လာတဲ့ ပဲခူး-ရန်ကုန် မီနီ ဘတ်ကားကို ဝင်တိုက်တာပါ။ အထည်ချုပ် စက်ရုံက ဖယ်ရီဆိုတော့ လူတွေက အများကြီးပဲ ပါတယ်။ အရှိန်တော်တော်ပြင်းတော့ ကားနှစ်စီးလုံးက ခေါင်းတွေကို ပိန်ချိုင့်သွားတာပါ။ ဖယ်ရီကားသမား အပါအဝင် လေးဦး သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များပါတယ် “ လို့ မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လှည်းကူးမြို့နယ်ရှိ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

” ကျား ၁၊ မ ၃ ကတော့ ဆုံးသွားပါတယ်။ ခေါင်းခြင်းဆိုင် နီးပါး တိုက်မိတာဆိုတော့ ခေါင်းခန်းက လူတွေ ညှပ်ပြီး သေဆုံးတာပါ။ ကျန်ထိခိုက်မိတာကတော့ ၂၈ ယောက် ရှိပါတယ်။ တချို့လည်း ဒဏ်ရာပြင်းတာ တွေ့ရတယ်။ အားလုံးကိုတော့ မြောက်ဥက္ကလာ ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်းကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ စက်ရုံဖယ်ရီတစ်စီး တိမ်းမှောက်ခဲ့ပြီး လူ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ – လှည်းကူးပရဟိတမင်းသား

















































