close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အရှေ့ခြမ်းမှာ စစ်တပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

(PDFတွေ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

ဖေဖော်ဝါရီ-၃၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အရှေ့ခြမ်းမှာ စစ်တပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်က ဗန်းမောက်မြို့ပေါ်ရပ်ကွက် လေးခုဖြစ်တဲ့ လွှစင်ကုန်း၊ မြနန္ဒာနဲ့ မြို့မရပ်ကွက်တွေကို ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ မြို့အရှေ့ခြမ်းက အောင်သာကုန်းရပ်ကွက်ကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

“ ​ထိတွေ့မှုနဲ့ လေကြောင်းက​တော့ အမြဲတမ်းပဲ။အောင်သာကုန်းမှာ ခုခံနေဆဲပဲ” လို့ ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လလယ်ပိုင်းက ဗန်းမောက်မြို့တွင်းကို စစ်တပ်က အင်အားများစွာအသုံးပြုပြီး လေ ကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်နေရာတွေကို ဆုတ်ခွာခဲ့ရတာလို့လည်း ဗန်းမောက်မြို့စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ မြို့ကိုတော့ စစ်တပ်ကအကုန်မထိန်းချုပ်နိုင်သေးပါဘူး။တချို့နေရာတွေတော့ ရသွားတယ်။သာလွန်အင်အား အသေခံဒရုန်း လေယာဉ် အကူတွေနဲ့ တိုးတာဆိုတော့ တော်လှန်ရေးတပ်တွေ ဆုတ်ပေးလိုက်ရတာပါ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုတွေ ရာနဲ့ချီပြုလုပ်အပြီးမှာ ဗန်းမောက်မြို့ပေါ်က နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦး အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ဗန်းမောက်မြို့ထိုးစစ်မှာ ရှမ်းနီပြည် သူ့စစ်အပြင် စစ်တပ်ရဲ့တပ်မ(၃၃)၊ တပ်မ(၇၇) တပ်ရင်းတွေလည်းပါတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဗန်းမောက်မြို့ကိုပြန်ရဖို့ စစ်တပ်က ၂၀၂၅ အောက်တိုဘာကတည်းက မြို့အနောက်ဘက်ခြမ်းကနေ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့် ထိခိုက်မှုတွေ များတာကြောင့် စစ်တပ်စစ်ကြောင်းတစ်ခု အစားထိုးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ တပ်မ နှစ်ခုလက်အောက်ခံတပ်ရင်းတွေကို အားဖြည့်ပြီးတဲ့နောက် ဇန်နဝါရီ ၁၅ ရက်ကစပြီး ဗန်းမောက်မြို့တွင်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ငါးလဝန်းကျင် ၂၀၂၅စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ ကသာနဲ့ကောလင်းမြို့မှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ