close
Connect with us

Hi, what are you looking for?

သတင်း

တပ်မမှူးစတေးလည်း စစ်တပ်ပြန်မရတော့တဲ့ ၆၆၆ပွိုင့်ကုန်း

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ၆၆၆ ပွိုင့်ကုန်းကို လနဲ့ချီပြီးထိုးစစ်ဆင်ခဲ့ပေမယ့်အာရက္ခတပ်တော်(AA)နဲ့ပူး​ပေါင်းတပ်​တွေရဲ့တန်ပြန်တိုက်ခိုက်မှု​ကြောင့် အာဏာသိမ်းစစ်တပ်အထိနာပြီးထွက်ပြေးဆွတ်ခွာခဲ့ရပြန်ပါတယ်။

(ရခိုင်နဲ့ ပဲခူးတိုင်းနယ်စပ် မှာစစ်​ရေးအရ အ​ရေးပါတဲ့ ၉၉၉ စခန်းကုန်းကို AA နဲ့မဟာမိတ်တပ်​တွေက ၂၀၂၅ ​အောက်တိုဘာ ၁၄ ရက်မှာထိုးစစ်ဆင်သိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- AA Info desk)

ဇန်နဝါရီ-၃၀၊၂၀၂၆။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ၆၆၆ ပွိုင့်ကုန်းကို လနဲ့ချီပြီးထိုးစစ်ဆင်ခဲ့ပေမယ့်အာရက္ခတပ်တော်(AA)နဲ့ပူး​ပေါင်းတပ်​တွေရဲ့တန်ပြန်တိုက်ခိုက်မှု​ကြောင့် အာဏာသိမ်းစစ်တပ်အထိနာပြီးထွက်ပြေးဆွတ်ခွာခဲ့ရပြန်ပါတယ်။

ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာရှိပြီး တောင်ကုတ်မြို့နယ်ဘက်ကို ဝင်ပေါက်ဖြစ်တဲ့ ရိုးမပေါ်က ၆၆၆ ပွိုင့်ကုန်းကို AA နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၂၈ရက်မှာ တကျော့ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။

“ တိုက်ပွဲတွေ ပြင်းထန်နေတာ နှစ်လနီးပါးရှိနေတာပါ။ လက်နက်ကြီး၊ လေကြောင်းရန်ကြားကနေ ဖြစ်နေတာ။ အခုကတော့ တက်လာတဲ့စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားပါပြီ” လို့ ပန်းတောင်းမြို့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့အောက်တိုဘာလ ၁၄ ရက်မှာထိုးစစ်ဆင် သိမ်းယူထားတာဖြစ်ပါတယ်။ နိုဝင်ဘာကစပြီး စစ်တပ်က ကုန်းပြန်ရဖို့ စစ်ကြောင်းပြန်ထိုးလာတာပါ။ ကနဦးအစမှာ AAက ခုခံရုံသာ တိုက်ပွဲတွေဖော်ဆောင်နေခဲ့တာပါ။ ဒီဇင်ဘာထဲမှာ ရခိုင်ပြည်နယ်က မြို့တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာပြီးနောက် AAက စစ်ရှိန်ပြန်မြှင့်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၁၀ရက်ညမှာ စစ်တပ်က မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကဗုံးကြဲခဲ့လို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီးမှာ ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီ တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလို လက်တုန့်ပြန်သွားမယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာပဲ ၆၆၆ပွိုင့်ကုန်း စစ်မျက်နှာအပါအဝင် AAနဲ့ စစ်ကောင်စီ ထိပ်တိုက်ရင်ဆိုင်ထားတဲ့ စစ်မျက်နှာငါးခုစလုံးမှာ တိုက်ပွဲတွေပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။၆၆၆ပွိုင့်ကုန်း စစ်မျက်နှာဟာ စစ်ကောင်စီကို အလွန်အထိနာစေခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ တောင်ကုတ်မြို့ကိုဦးတည်တဲ့ စစ်ဆင်ရေး ရေစုန်မြောသွားပြီဖြစ်သလို တိုက်ပွဲအတွင်းမှာ သေဆုံးသူတွေထဲ စကခမှူးတစ်ယောက်လည်း ပါသွားပါတယ်။ ဇန်နဝါရီ ၄ရက်ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပါတယ်။

“ AAကွန်မန်ဒိုတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးမှာ စကခမှူးကျတာ” လို့ AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟာ စစ်ကိုင်းတိုင်းကလေးမြို့မှာ အခြေစိုက်တာပါ။

ဗိုလ်မှူးကြီး ဟန်လင်းအောင်ဟာ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း) အဖွဲ့မှူးအဖြစ်ကနေ ၂၀၂၅ အောက်တိုဘာမှာ အမှတ်(၁၀)စကခမှူးအဖြစ် ရာထူးတိုးလာသူဖြစ်ပါတယ်။ ရာထူးတိုးပြီးတဲ့နောက်ပိုင်း ပန်းတောင်းမြို့နယ်ကိုပို့ဆောင်ခံရပြီး လအနည်းငယ်အကြာမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

၆၆၆ပွိုင့်ကုန်းတိုက်ပွဲမှာ AA ကွန်မန်ဒိုတပ်တွေ အဓိကတိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူ ၈၀ထက်မနည်း ရှိနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ဇန်နဝါရီ ၄ရက်က တိုက်ပွဲမှာတင် ဗိုလ်မှူးကြီးဟန်လင်းအောင်၊ ဗိုလ်ကြီး ၂ဦးနဲ့ အခြားအဆင့် ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီက ၆၆၆ပွိုင့်ကုန်းကနေ ပြန်ဆုတ်သွားပြီးတဲ့နောက် ပုသိမ်လေတပ် နဲ့ မှော်ဘီလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်‌တာတွေနဲ့ ဗုံးဆက်ကြဲနေပါတယ်။ အဲ့ဒီ တိုက်လေယာဉ်တွေဟာ ဧရာဝတီတိုင်းကို ဖြတ်သွားပြီး ဇန်နဝါရီ၂၆ရက်ကနေ ဒီနေ့ဇန်နဝါရီ ၃၀ရက်အတွင်း အကြိမ် ၃၀ ထက်မနည်း ပျံသန်းသွားပါတယ်။

ဇန်နဝါရီ ၃၀ မနက်ပိုင်းမှာလည်းဂျက်ဖိုက်တာ ၃စင်းရှိပြီလို့ ဓနုဖြူ၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့နယ်ကဒေသခံတွေက ပြောပါတယ်။ပန်းတောင်းမြို့နယ်ထဲမှာအမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)လည်းရှိပြီး ကပစနီးအထိ တိုက်ပွဲ​တွေပြင်းထန်နေပါတယ်။ကပစ(၁၆)အနီး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ AAက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်ည ထုတ်ပြန်ချက်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ အသိပေးထားပါတယ်။ကပစ(၁၆)အနီးနဲ့ ၆၆၆ ပွိုင့်ကုန်းအနီး နိုဝင်ဘာ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၈)၊ခမရ (၃၆၃)တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်က စစ်တွေနဲ့ ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

အထက်ပါဒေသတွေဖြစ်တဲ့ စစ်ရေးအချက်အချာကျသော နေရာ (၅)ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ AAက ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာမှာ သီတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

တိုက်ပွဲတွေဟာ လချီကြာလာပြီဖြစ်ပြီး AAက မြေပြင်းထိုးစစ်၊ လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်နေသလို စစ်ကောင်စီက လေကြောင်းနဲ့ ဒရုန်းကို အဓိကအသုံးပြုပြီးတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

Facebook