ဇန်နဝါရီ-၃၀၊၂၀၂၆။ဇော်ဝင်း/People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့ စစ်တပ်က မြေပြင်က စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြိုင်နယ်တောင်ပိုင်း တွင်းမပျူစောထီးရွာကို ရောက်နေတဲ့ တပ်မ(၁၀၁)က အင်အား ၂၀၀လောက်ရှိတဲ့ စစ်ကြောင်းဟာ မြိုင်နဲ့ ပခုက္ကူ ဒေသအစပ်က ကျေးရွာတွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
“ မြောက်မှာရော ဂျက်နဲ့ကြဲတယ်။မြိုင်နယ် ပုလဲနယ်အစပ်။မြိုင်နယ်တောင်ဘက်ခြမ်းကို ပခုက္ကူက တက်လာတဲ့ပါရာမော်တာ နှစ်စီးနဲ့ မနေ့က ကြဲတယ်။စစ်ကြောင်းကတော့ အခုမနက် မြဇီးတော ရွာမှာ ဝင်ရောက် မွှေနှောက်နေတယ်” လို့ အညာမြေတပ်ပေါင်းစုက ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

Public Service Announcement
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ ဒေသခံပြည်သူတွေရဲ့ ထိခိုက်မှု၊သေဆုံးမှုကို အတည်မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။
“ စီမံချက်ပုံစံမျိုးနဲ့တောင် လုပ်နေသလိုပဲ။နေအိမ်တွေကို မီးရှို့တာက ၂၀၂၅ နောက်ဆုံးလနဲ့ အခုလဆန်းမှာ ပိုပြီးတော့ရှို့တယ်။ရွာလုံးကျွတ်ဖြစ်နေတယ်။အရင်ကတော့ရှို့တယ် ၄၊၅ ၊၁၀ အိမ်လောက် အလွန်ဆုံး အလုံး ၂၀ ပေါ့။အခုကသူတို့ဘက်က ပို ပြီးတော့ တဆင့်တဆင့်မြှင့်လာတဲ့အကြမ်းဖက်မှုတွေ ရှိလာတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က မြိုင်နဲ့ ပခုက္ကူမြို့နယ်အစပ်က နှောပင် ၊သစ်ပုလွေကုန်းနဲ့ သံဘိုစတဲ့ကျေးရွာတွေကို မီးရှို့ခဲ့တာ အပြင် ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်တွေပါ ဖျက်ဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
နှောပင်ရွာကို စစ်တပ်က မီးရှို့ခဲ့မှုမှာ မပြေးနိုင်တဲ့ အသက်(၇၀)ဝန်းကျင် အဘွားအိုတစ်ဦး သေဆုံးခဲ့ရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ အခုဇန်နဝါရီ ၆ ရက်က ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က ထွက်လာပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားမှာရှိတဲ့ ကမ္မမြို့ပေါ်က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးမှုအားကောင်းတာကြောင့် စစ်ကောင်စီက အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၃ =ခုထဲမှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆောနဲ့ ရေစကြိုမြို့နယ် ပါဝင်ပါတယ်။အဲဒါအပြင် စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲလည်း အဲဒီမြို့နယ်တွေမပါဝင်ခဲ့ပါဘူး။
အဲဒါကြောင့် မြိုင်၊ပေါက်၊ထီးလင်း မြို့ နယ်တွေကို စစ်တပ်က လေကြောင်းကနေ မကြာခဏ လေ ကြောင်းကနေ တိုက်ခိုက်နေပြီး အဆက်မပြတ်စစ် ကြောင်းထိုးနေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
















































