ဇန်နဝါရီ-၂၉၊ ၂၀၂၆/ဇေအောင်/People’s Spring
လွန်ခဲ့တဲ့လေးလခန့်က စစ်ကိုင်းမြို့မှာ စက်သုံးဆီသယ်ယာဥ်တွေကို လိုက်လံဖမ်းဆီးငွေညှစ်နေတဲ့ ရဲကားတစ်စီးကို ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ ဒုရဲအုပ်နဲ့ ပြည်သူ့စစ် သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းမြို့အထွက်မှာ ပြည်သူတွေရဲ့ စက်သုံးဆီသယ်ယာဥ်တွေကို လိုက်လံဖမ်းဆီးပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံတာ၊ စက်သုံးဆီပုံးတွေကို ချယူတာတွေ ပြုလုပ်နေတဲ့ ဒုရဲအုပ်တစ်ဦးနဲ့ ပြည်သူ့စစ် (ပစ)တစ်ဦးလိုက်ပါလာတဲ့ကားကို ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

“ သူတို့က ပြည်သူတွေရဲ့ ဆီသယ်ယာဥ်တွေကို လိုက်ဖမ်းတာ။ ပြီးရင် ငွေညှစ်တယ်။ အဲ့ဒါတင် အားမရဘူး။ ဆီပုံးတွေပါ ထပ်ပြီး ချယူတာ အမြဲတမ်းပဲ။ သူတို့လာနေကြ လမ်းခုလတ် တနေရာကနေ စောင့်ပီး ပစ်ခတ်ရှင်းလင်းခဲ့တာ။ သူတို့ နောက်ကနေလိုက်ဖမ်းလို့ ရပ်မပေးတဲ့ကားတွေဆို နောက်ကနေ သေနတ်နဲ့လိုက်ပစ်တာတွေပါလုပ်တာ။” လို့လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ရဲကားမှာပျက်စီးသွားပြီး မောင်းမရတဲ့အတွက် ထော်လာဂျီနဲ့ဆွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောပါတယ်။
အင်တာနက်အခက်အခဲကြောင့် အခုမှ သတင်းထုတ်ပြန်ရတာဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အသိပေးထားပါတယ်။
စစ်ကိုင်းမြို့ဟာ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေကို ဝယ်ယူသယ်ဆောင်ခွင့် ကန့်သတ်ထားတဲ့အတွက် ပြည်သူတွေဟာ ခက်ခက်ခဲခဲသယ်ဆောင်နေရပြီး စစ်ကောင်စီတပ်တွေရဲ့ ငွေညှစ်တာ၊ ဖမ်းဆီးတာ၊ ပစ္စည်းသိမ်းယူတာတွေပါ ရင်ဆိုင်နေရပါတယ်။

















































