ဇန်နဝါရီ-၂၉၊၂၀၂၆။သတိုး/People’s Spring
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ ၁၄ ရက်တာအပြင်မထွက်တဲ့လှုပ်ရှားမှုဟာ ၄ရက်မြောက်နေ့အထိ အောင်မြင်နေပြီး ထိုင်းဈေးသည်တွေကိုယ်တိုင် ညည်းတွားနေကြတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။
“ ထိုင်းရောက်အလုပ်သမားတွေ မိမိကိုယ်တိုင်ပြုပြင်နေထိုင်ခြင်းလက်ရှိ ၁၄ ရက်တာကာလမှာ လက်ရှိအောင်မြင်မှုရပါတယ်။ ထိုင်းရောက် အလုပ်သမားတွေအများအပြားပူးပေါင်းပါဝင်ကြတယ်။ပြီးတော့ လက်ရှိလည်း ဒီအတိုင်းပဲဆက်သွားနေတယ်။” လို့ မြန်မာအလုပ်သမားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်း (AAC)က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်က အိမ်အရောက်ပစ္စည်းပို့တဲ့ ထိုင်းနိုင်ငံသားနဲ့ မြန်မာတချို့ ရန်ဖြစ်ခဲ့တာက အစပြုပြီး နှုတ်ခမ်းမွှေးခေါင်းဆောင်တဲ့ အမျိုးသားရေးအစွန်းရောက်သူတွေက မြန်မာလုပ်သားတွေကိုစစ်ဆေးတာ၊အကြမ်းဖက်ရိုက်နှက်တာတာတွေ ပြုလုပ်နေတာကြောင့် ၁၄ရက်တာ အပြင်မထွက်တဲ့ လှုပ်ရှားမှုကို လုပ်နေကြတာဖြစ်ပါတယ်။

Public Service Announcement

“ ဒီလှုပ်ရှားမှုဟာ ဆန္ဒပြမှုမဟုတ်ပါဘူး၊ သပိတ် မှောက်တာလည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ မြန်မာလုပ်သားတွေရဲ့ ‘စည်းကမ်းရှိမှု’ နဲ့ ‘ထိုင်းဥပဒေအပေါ် လေးစားမှု’ကို အေးချမ်းစွာ ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီ ၁၄ ရက်အတွင်းမှာ အလုပ်သမားတွေဟာ ‘အလုပ်နဲ့ အခန်း၊ အခန်းနဲ့ အလုပ်’ ကလွဲလို့ ဘယ်မှ မသွားကြဖို့ တိုက်တွန်းထားသလိုအပျော်အပါးတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ပြဿနာဖြစ်နိုင်တဲ့ နေရာတွေကို ရှောင်ကြဉ်ပြီး အေးချမ်းစွာ နေထိုင်ပြနေတာပါ။” လို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ (CDM) ဦးဝေလင်းမောင်က ပြောပါတယ်။
ဒီလိုလုပ်ဆောင်တာက ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်သလို မြန်မာတွေက ပြဿနာရှာဖို့လာတာမဟုတ်ပဲ အေးချမ်းစွာလုပ်ကိုင်စားသောက်ချင်တဲ့ ဧည့်သည်ကောင်းတွေဖြစ်တယ်ဆိုတာကို ပြသရာရောက်တယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အကျိုးဆက်အနေနဲ့ အရင်က စည်ကားနေတဲ့ ဈေးတွေမှာလည်း ဈေးရောင်းသူတွေသာရှိပြီး ဝယ်သူမရှိတာကြောင့် ထိုင်းနိုင်ငံသား ဈေးသည်တွေကိုယ်တိုင် ညည်းတွားနေကြတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေကပြောပါတယ်။
တချို့ထိုင်းဈေးသည်တွေဆိုရင် ဈေးထဲမှာလူမရှိတဲ့ အခြေအနေကို ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်မှာတင်ကြတာတွေလည်း ရှိပါတယ်။
မြန်မာလုပ်သားတွေ အများစုနေထိုင်လုပ်တဲ့ မဟာချိုင်ဒေသ ဝေလဈေးနဲ့ ဘန်ဘော်ဈေးမှာ ဈေးဝယ်သူ မြန်မာလုပ်သားတွေ မလာလို့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့အကြောင်း ထိုင်းဈေးသည်တွေ ညည်းထွားနေတာ ဖြစ်ပါတယ်။
လက်ရှိလှုပ်ရှားမှုက မြန်မာလုပ်သားတွေအတွက်တော့ အပြင်ထွက်ပြီး ငွေမသုံးဖြစ်တာကြောင့် ချွေတာရာရောက်တယ်လို့ ဆိုပါတယ်။
“ တကယ်တမ်းက မြန်မာတွေကမှ ငွေသုံးကြတာ။ အဲဒီတော့သိသာတာပေါ့” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိလှုပ်ရှားမှုက ၁၄ရက်လို့ ရည်ရွယ်ပေမယ့်လည်း ရေရှည် ကျင့်သုံးနိုင်ရင် ပိုကောင်းတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။
“ လက်ရှိမှာ အေးချမ်းစွာ နေထိုင်နေတဲ့ အလုပ်သမားတွေဟာ ‘ခွန်ဖားမား’လို့ အမေးခံရတာနဲ့တင် ကြောက်လန့်နေရပါတယ်။ ဥပဒေကို အမှန်တကယ် ချိုးဖောက်သူကိုအရေးယူတာကို ကျွန်တော်တို့ အပြစ်ပေးအရေးယူပါ။ ဒါပေမဲ့ အေးချမ်းစွာ အလုပ်လုပ်နေတဲ့ အလုပ်သမားထုကြီးကိုတော့ ဒီသွေးထိုးလှုံ့ဆော်သူတွေနဲ့ ရောနှောပြီး မဆက်ဆံစေချင်ပါဘူး။ထိုင်းအာဏာပိုင်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူတွေက တမင်ဖန်တီးနေတဲ့ ပြဿနာတွေကို သတိပြုပြီး၊ စည်းကမ်းရှိရှိ နေထိုင်နေတဲ့ မြန်မာလုပ်သားတွေကို လူသားချင်းစာနာမှု ရှုထောင့်ကနေ အကာအကွယ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။” လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကတော့ မြန်မာအလုပ်သမားတွေဆီက ငွေညှစ်ဖို့နဲ့ စစ်မှုထမ်းကိစ္စအတွက်ပဲ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေအတွက် အကာအကွယ်မဖြစ်ဘူးလို့လည်း ပြောပါတယ်။
လက်ရှိ လှုပ်ရှားမှုကို နှုတ်ခမ်းမွှေးခေါင်းဆောင်တဲ့ ထိုင်းမျိုးချစ်တွေက မြန်မာတွေကထိုင်းဈေးဆိုင်တွေမှာ မဝယ်တော့တာဆိုတဲ့ သတင်းမှားတွေလွှင့်နေတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မြန်မာလုပ်သားတွေအနေနဲ့ လူမှုကွန်ရက်မှာ ဖြစ်စေ၊ မြေပြင်မှာဖြစ်စေ တစ်ဦးနဲ့တစ်ဦး လှောင်ပြောင် အရွဲ့တိုက်တာတွေ မလုပ်ဖို့ကိုလည်း ကိုရဲမင်းက တိုက်တွန်းထားပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတွေနဲ့ ထိုင်းလူမျိုးတချို့ကြား မတည်ငြိမ်မှုတွေဖြစ်တာက စစ်ကောင်စီက သွေးထိုးလှုံ့ဆော်တာကြောင့်လည်းဖြစ်နိုင်တာကြောင့် ဆူပူမှုတွေလုပ်တဲ့သူတွေကိုတွေ့ရင် တိုင်ကြားဖို့ကိုလည်း ထိုင်းရောက်အလုပ်သမားအရေးဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။

၁၄ ရက်တာ အပြင်မထွက်တဲ့ လှုပ်ရှားမှုက အလုပ် လုပ်သူတွေအနေနဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန် သွားတာမျိုးကို ကန့်သတ်တာမဟုတ်ပဲ အခြားအချိန်တွေမှာ အပြင်မထွက်ပဲ ငြိမ်သက်နေတာကို ပြောချင်တာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကိုလုပ်ဆောင်ဖို့တိုက်တွန်းတဲ့ Fncc Burma Fact Check Community ကအကြံပြုထားပါတယ်။
“ မအလက ပုံဖြတ်ဖို့ လွှတ်ထားတဲ့ကောင်တွေ သက်သက်ရှိတယ်ဆိုတာ သတိထားရင်ရပြီ အဲ့တာကိုပဲ သေချာဖော်ထုတ်ဖို့လိုတယ်” လို့ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကအကြံပြုပါတယ်။

















































