close
Connect with us

Hi, what are you looking for?

သတင်း

ဆီးရီးယား တော်လှန်ရေး ခေါင်းဆောင်နဲ့ ပူတင်တွေ့ဆုံ

ဆီးရီးယား တော်လှန်ရေး အစိုးရခေါင်းဆောင်ဟာ ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆီးရီးယား တော်လှန်ရေး အစိုးရခေါင်းဆောင်ဟာ ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ဆီးရီးယား သမ္မတဟောင်း ဘာရှာအယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး အစိုးရရဲ့ သမ္မတ အာမက်အယ်လ် ရှာရားကို ဇန်နဝါရီ ၂၈ ရက်နေ့တုန်းက မော်စကို မြို့တော်မှာ ပူတင်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပူတင်ရဲ့ ရုရှား အစိုးရဟာ ၁၄ နှစ် ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး ပြည်တွင်းစစ်မှာ အာဆတ်ဖက်က ရပ်တည်ပြီး ဆီးရီးယား တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အာဆတ်ရဲ့ အစိုးရ ပြုတ်ကျသွားခြင်းဟာ ရုရှားအတွက်တော့ ဒေသတွင်းမှာ အရေးအပါဆုံး စစ်မဟာမိတ် တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဒါတင် မကသေးဘဲ မဟာဗျူဟာအရ အရမ်းအရေးပါတဲ့ ဆီးရီးယား အခြေစိုက် ရုရှားစစ်တပ်တွေ ဆက်လက် ဖြန့်ကျက်ထားနိုင်ရေးကလည်း မရေမရာ ဖြစ်လာရပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ အဲဒီစခန်းတွေ ဆက်လက် တည်တံ့နိုင်ရေးအတွက် အယ်လ်ရှာရားရဲ့ အစိုးရကို ဆက်သွယ် ညှိနှိုင်းမှုတွေ တောက်လျှောက် လုပ်ဆောင်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အာဆတ်နဲ့ ဇနီးဖြစ်သူကို ရုရှားက မော်စကိုမှာ နိုင်ငံရေး ခိုလှုံခွင့် ပြုထားပါတယ်။

ဆီးရီးယား တော်လှန်ရေး အစိုးရက အာဆတ်တို့ ဇနီးမောင်နှံကို လက်လွှဲပေးဖို့ ရုရှားကို တောင်းဆိုထားပြီး ရုရှားက ဆက်လက် ငြင်းဆိုနေတာဟာ နှစ်ဖက် ဆက်ဆံရေးကို မြှင့်တင်ဖို့ အတားအဆီးကြီးတစ်ခု ဖြစ်နေကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည် ကုစားမှုတွေမှာ ကိစ္စ အတော်များများက အပြီးသတ် အောင်မြင်ခဲ့ပြီး ဖြစ်တယ်လို့ ပူတင်က အယ်လ်ရှာရားနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာ ပြန်လည် ခိုင်မာအောင် တည်ဆောက်နေတဲ့ လက်ရှိ အစိုးရရဲ့ အားထုတ်မှုတွေကို ရုရှားက အနီးကပ် စောင့်ကြည့်နေကြောင်း၊ အဲဒီ ရည်မှန်းချက်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေနိုင်တဲ့အတွက်လည်း ဂုဏ်ပြုလိုကြောင်း ပူတင်က ဆိုပါတယ်။

ဒါဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်နယ်မြေတွေကို ပြန်လည် ထိန်းချုပ်ဖို့ အယ်လ်ရှာရားက ထိုးစစ်ဆင်နွှဲနေတာကို ပူတင်က ရည်ညွှန်းခဲ့တာပါ။

အာဏာရလာပြီးနောက်ပိုင်း ပူတင်နဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ အယ်လ်ရှာရားက ရုရှားဟာ ဆီးရီးယားရဲ့ စည်းလုံးမှုနဲ့ တည်ငြိမ်မှုတွေမှာသာ မကဘဲ ဒေသတစ်ခုလုံးရဲ့ အရေးကိစ္စတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင်ခဲ့ကြောင်း အသိအမှတ် ပြုသွားခဲ့ပါတယ်။

နှစ်ဖက်အစိုးရတွေရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဆီးရီးယားမှာ ရုရှားတပ်တွေ ဆက်လက် အခြေစိုက်နိုင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ထည့်သွင်း ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ မတွေ့ခင်မှာ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပူတင်နဲ့ အယ်လ်ရှာရားတို့ဟာ အဲဒီကိစ္စကို ကျိန်းသေ ဆွေးနွေးကြမယ်ဆိုတာ သူ့အနေနဲ့ လုံးဝ သံသယ မရှိကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – AP

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ပိုင်တဲ့ နေအိမ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြားမှာ သွေးသောက်တွေလို နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က ရုရှားဆီ ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားခဲ့ပါတယ်။

နိုင်ငံတကာ

အနောက်နိုင်ငံတွေကသာ ရုရှားကို လေးစားမှုနဲ့ ဆက်ဆံမယ်ဆိုရင် နောက်ထပ် ဘာစစ်ပွဲမှ မရှိစေရဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

Facebook