ဇန်နဝါရီ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဒေသစိုးမိုးရေးလုပ်ဆောင်နေတဲ့မြို့နယ်တွေမှာဖမ်းမိတဲ့ကျပ်သိန်းပေါင်းတစ်သိန်းခန့်တန်ကြေးရှိတဲ့မူးယစ်ဆေးဝါးတွေကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ဦးဆောင်ပြီး မီးရှို့ဖျက်ခဲ့ပါတယ်။

NUG အစိုးရ အုပ်ချုပ်ရေးနယ်မြေ တနေရာမှာ ဇန်နဝါရီ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘိန်းဖြူ ၆၅၄၅ခွက်၊WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိတယ်လို့ NUGက ဒီနေ့ ဇန်နဝါရီလ၂၉ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဘိန်းဖြူတွေကို မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ အပ်နှံခဲ့တာပါ။WYစိတ်ကြွဆေးပြားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
ဖမ်းမိတဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ NUG အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။

NUGအစိုးရဟာ ထိန်းချုပ်ဒေသတွေမှာ မူးယစ်ဆေးဝါးတွေအပြင် သစ်တောထွက်ပစ္စည်းနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်သယ်ဆောင်လာကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေရှိနေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားပြီး နောက်ထပ် ၄၁ မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

















































