လင်းညိုရိပ်
စွန့်ခွာခဲ့ရတာက ဒီမြေကို
မချစ်လို့မှမဟုတ်ပဲ
မဖြစ်လို့သာ စွန့်ခဲ့ရတာ။

Public Service Announcement
တိုးတိုးတိတ်တိတ် ထွက်ပြေးလာရစဥ်
လမ်းသာရာကိုလည်း မရွေးနိုင်ခဲ့
အချိန်အခါကိုလည်း မစောင့်နိုင်ခဲ့
ပြေးနိုင်မှဘဲလွတ်မယ်။
ကျည်ဆံတွေကို မရှောင်ရှားနိုင်တော့
ဆီ၊ဆန်တွေလှောင်ထားတာလဲ မသယ်နိုင်ခဲ့ဘူး
ပဲ၊နှမ်း၊ပြောင်းတွေကိုလည်း
ခွဲခြမ်းပြီးမရောင်းနိုင်ခဲ့ဘူး
ငရုတ်၊ဖရုံ၊ခဝဲတွေကိုလည်း
အထုပ်စုံံထဲကို ထည့်ပြီးမယူသွားနိုင်ဘူး။
ညကြီးအချိန်မတော် တောထဲတောင်ထဲ
လက်နှိတ်ဓာတ်မီးမပါဘဲ ဖြတ်ခဲ့ရတယ်
ဘယ်မြွေမှလည်း မကြောက်နိုင်ခဲ့
ဘယ်တစ္ဆေမှလည်း မကြောက်နိုင်ခဲ့။
လှည်း၊နွားကိုယ်စီနဲ့ ပွဲများလိုစည်နေတဲ့
တောလမ်းကလေး…
မမောတမ်းပြေးခဲ့ရသူတွေမှာတော့
ဝမ်းနည်းပက်လက်။
ရွာကိုအဝေးကနေငေးရင်း သက်ပြင်းတွေချ
လှည်းပေါ်ကလူတွေ တွေးကြတယ်
“ လူတွေသာမရှိတော့ရင် ရွာကပျက်တော့မှာ” ။
သံယောဇဥ်တွေ တသီတတန်းနဲ့
ရွာကိုလွမ်းကြတဲ့လူတွေ
ဘယ်လမ်းကိုများ ဆက်ကြရမှာ..
ဘယ်ကမ်းကိုများ ကပ်ကြရမှာ..။
လောလောဆယ်တော့
စိတ်ချရတဲ့နေရာကိုရောက်ဖို့
ရေပြင်ကိုဖြတ်ကျော်ကြရဦးမယ်
လှေကိုလှော်ကြပါစို့။ ။
(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ
‘လင်းညိုရိပ်’ရေးဖွဲ့တဲ့ “ရွာပျက်ကြီး” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “ The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

















































