စစ်အုပ်စု သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းရတယ်လို့ န့်ဂေါခရိုင်စစ်ဌာနထုတ်ပြန်
ဇန်နဝါရီ-၁၀ ၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာ နှစ်ရွာကို သိမ်းပိုက်မှုအတွင်း စစ်အုပ်စုဘက်က ၄၀ကျော်သေဆုံးပြီး လက်နက် ရှစ်လက်သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့(ဇန်နဝါရီ ၁၀ရက်) ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒိဇင်ဘာ၂၇ ရက်ကစတင်ခဲ့တဲ့ Yawland Operation စစ်ဆင်ရေးကနေ ယောဒေသအတွင်းစစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာတွေနဲ့ တပ်စခန်းနေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

Public Service Announcement
“ ဝင်ဝ ပျူရွာကို သိမ်းတဲ့အချိန်က လက်နက်ခြောက်လက် ရတယ်။အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က သေတဲ့သူများတယ်” လို့ Yawland Operation စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်က လူထုနွေဦးကို ပြောပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၂၇ရက်က ပျူစောထီးကျေးရွာတွေဖြစ်တဲ့ ဝင်ဝရွာ ၊ လယ်ကြီးအရှေ့ရွာ ၊ လယ်ကြီး အနောက်ရွာ၊ မြောက်ခင်ရန်းရွာ၊ ရွှေမြစ်သာရွာနဲ့ တောကျောင်းကာကင်းစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဝင်ဝကျေးရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်မှာလည်း မြောက်ခင်ရန်းရွာနဲ့ လယ်ကြီး အရှေ့ရွာကို တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်မှာ မြောက်ခင်ရန်းရွာကထွက်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေများတယ်လို့ ဖော်ပြပါတယ်။
အခု ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ ရွှေမြစ်သာရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ပတ်တာ စစ်ဆင်ရေးကာလအတွင်း စစ်အုပ်စုဘက်က ၄၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေထဲကနေ G3 (၄)လက် ၊ ကာဘိုင် (၂) လက် ၊ ခါးချိုး (၂)လက် ၊ Jumber (၁)လုံး အပြင် ကျည်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေကို လုံခြုံတဲ့နေရာမှာ ရွေ့ပြောင်းထားပြီး လိုအပ်တဲ့ ရိက္ခာနဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ထားတယ်လို့လည်း အသိပေးထားပါတယ်။
“ အမျိုးသားတွေထက် အမျိုးသမီးတွေများတယ်။အရွယ်စုံပဲ ကလေးတွေလည်း များပါတယ်” လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေ့ပြောင်းထားတဲ့ ပြည်သူတွေနဲ့ပတ်သက်လို့ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော်ကောင်းကောင်းအဖွဲ့)တွေ ပါဝင်နေကြတယ်လို့ ဆိုပါတယ်။
အဲဒါအပြင် Yawland Operationက ဆက်လက်တည်ရှိနေပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး စစ်ဆင်ရေးလုပ်ငန်းတွေ ဖော်ဆောင်သွားမှာဖြစ်လို့ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။
ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေက ချင်းပြည်နယ်ရဲ့ အဓိကဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းနဲ့လည်း ထိစပ်နယ်မြေတွေလည်းဖြစ်ပါတယ်။




















































