close
Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်ရဲစခန်းကို စစ်တပ်အင်အားထပ်ဖြည့်၊ သရက်ချောင်းမှာလည်းတပ်ဖျောက်လှုပ်ရှား​နေ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်မကန်ရဲစခန်းကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားသလို သရက်ချောင်းမြို့နယ်မှာလည်း အခုရက်ပိုင်း တပ်ဖျောက်လှုပ်ရှားတာတွေရှိနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၅၊၂၀၂၅။ကျော်ဇော/ People’s Spring

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်မကန်ရဲစခန်းကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားသလို သရက်ချောင်းမြို့နယ်မှာလည်း အခုရက်ပိုင်း တပ်ဖျောက်လှုပ်ရှားတာတွေရှိနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က မောင်းမကန်ရဲစခန်းကို အင်အား ၂၀၀ ဝန်းကျင် ထပ်မံဖြည့်တင်းထားပြီး ဘာကြောင့်ရုတ်တရက် အင်အားတိုးချဲ့လာတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

“ မူးဒူးရွာကနေ မောင်းမကန်ရဲစခန်းဖက်ကို အင်အား၂၀၀ ကျော်ရောက်လာတယ်” လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ထားဝယ်ခရိုင်ထဲကသရက်ချောင်းမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကအောက်တိုဘာလဆန်းကတည်းက စော်ဖျားရွာအပါအဝင် အနီးဝင်ကျင်ကျေးရွာတွေကို အောက်တိုဘာ ၂ ရက်က အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို အဲဒီစစ်ကြောင်းက တပ်ဖျောက်လှုပ်ရှားမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ ဥတ္တူဖက်ကို ပြန်လှည့်နေတဲ့ကောင်တွေလည်းရှိသလိုပဲ ဒီတကြောလုံးမှာ ပျောက်နေတာလည်းရှိတယ်။ ‌လှည့်ပတ်သွားလာနေတာလည်းရှိတယ်။ ဒီနေ့တော့ ပွဲဖြစ်တာမျိုးမရှိသေးဘူး” လို့ သရက်ချောင်းမြို့နယ်တွင်းအခြေအနေကိုစစ်ရေးသတင်းရင်းမြစ်နောက်တဦးက လူထုနွေဦးကို ပြောပါတယ်။

သရက်ချောင်းနယ် စော်ဖျားရွာကို အောက်တိုဘာ ၂ ရက်မှာ ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာအဲဒီနေ့ကကျေးရွာကိုမီးရှို့သွားတယ်လို့ စုံစမ်းသိရပေမယ့် ထိခိုက်ပျက်စီးတဲ့နေအိမ် ဘယ်နှစ်လုံးရှိခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ထားဝယ်စီးပွားရေးဇုန်အနီးက ဧကနိရွာကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်က အောက်တိုဘာ ၁ ရက်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီထိတွေ့တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ဧကနိရွာကိုမီးရှို့ခဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်းရဲ့နေအိမ်နဲ့ ပါတီဝင်တချို့ရဲနေအိမ်တွေအပါ အဝင် နေအိမ် ၁၀လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ