အောက်တိုဘာ-၂၊၂၀၂၅။People’s Spring
ရေထဲမျောနေတဲ့ ထိုင်းအမျိုးသမီးကြီး တစ်ဦးကို မြန်မာ အမျိုးသား တစ်ဦးက ကယ်ဆယ်ပေးခဲ့ကြောင်း ထိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းက အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးဟာ ဆမွတ် ဆွန်ခရမ် ပြည်နယ်ထဲမှာ မတော်တဆ ပြုတ်ကျသွားပြီး မယ်ခလုံ မြစ်ထဲမှာ မျောပါသွားရာက ရေယာဉ် ဆိုင်းကြိုးတစ်ခုကို တွယ်ပြီး ၄ နာရီလောက် တောင့်ခံနေခဲ့ရပါတယ်။
အသက် ၃၄ နှစ်အရွယ် ငါးဖမ်းလှေ အလုပ်သမား မြန်မာ အမျိုးသားဟာ မြစ်ကမ်းပါးမှာ အလုပ်လုပ်နေရင်း အကူအညီတောင်းတဲ့အသံ ခပ်သဲ့သဲ့ကို ကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက ညကြီးမင်းကြီး သရဲခြောက်တယ်ထင်ပြီး ခေါင်းနပန်း ကြီးသွားခဲ့ပေမယ့် သတ္တိမွေး စုံစမ်းကြည့်ခဲ့တဲ့နောက် လူတစ်ဦး ဒုက္ခရောက်နေမှန်း သိသွားခဲ့ပါတယ်။

Public Service Announcement
ငါးဖမ်းလှေ တစ်စီးရဲ့ ဆိုင်းကြိုးမှာ တွဲခိုရင်း ရေထဲမှာ ဖျော့တော့နွမ်းလျနေတဲ့ အမျိုးသမီးကြီးကို တွေ့သွားတဲ့နောက် မြန်မာ အမျိုးသားဟာ သူငယ်ချင်းတွေကို ချက်ချင်း အကူအညီ လှမ်းတောင်းပြီး ကယ်ဆယ်ရေးကို စတင်ခဲ့ပါတယ်။ သူက အမျိုးသမီးကြီးကို ကမ်းခြေဖက် ခေါ်လာပြီး နွေးထွေးအောင်လည်း ကူညီပေးထားခဲ့ပါတယ်။
ထိုင်းမီဒီယာတွေကတော့ မြန်မာနိုင်ငံသားရဲ့ နာမည်ကို သိုဒီးလို့ ဖော်ပြထားပါတယ်။ ကံအားလျော်စွာနဲ့ အသက်ရှင်ခဲ့တဲ့ ထိုင်းအမျိုးသမီးကြီး သစ်ပ်ဝမ်ကတော့ သူဟာ မြစ်ကမ်းတလျှောက် ပစ္စည်းလိုက်ကောက်ရင်း ရေထဲပြုတ်ကျသွားခဲ့တာလို့ ပြောပါတယ်။
သူ့ကို ရှာတွေ့တဲ့ နေရာဟာ ရေထဲကို စပြီး ပြုတ်ကျသွားတဲ့ နေရာကနေ ၃ ကီလိုမီတာလောက် ကွာဝေးပါတယ်။ အနီးအနားကနေ ငါးဖမ်းလှေကြီးတွေ ဖြတ်သွားပေမယ့်လည်း လှေအရွယ်အစား ကြီးတာရော၊ မှောင်မိုက်နေတာကြောင့်ပါ သူ့ကို မြင်မသွားခဲ့ကြဘူးလို့ သစ်ပ်ဝမ်က ဆိုပါတယ်။
သူ့အနေနဲ့ ရေပေါ်မှာ ပက်လက် ကိုယ်ဖော့ပြီး မျှောထားရင်းပဲ အသက်ရှင်ဖို့ ဆုတောင်းနေခဲ့ရတယ်လို့လည်း အမျိုးသမီးကြီးက ပြောပါတယ်။ သူ့ကို ငါးဖမ်းလှေ တစ်စီးရဲ့ အဖွဲ့သားတွေက ရှာတွေ့သွားခဲ့တဲ့ ဖြစ်ရပ်ကတော့ တကယ့်ကို ထူးကဲအံ့ဖွယ် ကိစ္စမျိုးလို့လည်း သစ်ပ်ဝမ်က ဖွင့်ဟသွားခဲ့ပါတယ်။
ကိုးကား: Khaosod




















































