အောက်တိုဘာ-၅၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ တော်လှန်သီတင်းကျွတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ ညနေခင်းဆီမီးသပိတ်ကိုပြုလုပ်ခဲ့ကြပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး သပိတ် မှောက် ဆန္ဒပြခဲ့ကြပါတယ်။
ယင်းသပိတ်ကိုယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နဲ့ အားမာန်သစ် သပိတ်အင်အားစုတို့မှ ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျဉ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စားသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။




















































